ဟောလိဝုဒ်ကြယ်ပွင့် ဘင်အက်ဖလက်သည် ဇနီးဟောင်းဖြစ်သူ ဂျနီဖာ ဂါနာနှင့် လမ်းခွဲလိုက်ပြီဖြစ်သော်လည်း ဝေးရာသို့ ထွက်ခွာအခြေချခြင်းမပြုချေ။
လက်ရှိတွင် ရုပ်သံထုတ်လုပ်သူ လင်းဆေး ရှိုကပ်စ်နှင့် ချစ်သူအဖြစ် တွဲနေသူ ဘင်အက်ဖလက်က လော့စ်အိန်ဂျလိမြို့ ၊ ပစိဖိတ် ပါလစ်ဆိတ်အရပ်တွင် ဇနီးဟောင်း ဂျနီဖာဂါနာ နေထိုင်ရာနေရာအနီး၌ နေအိမ်တစ်လုံးဝယ်ယူလိုက်ပြီ ဖြစ်သည်။
အဆိုပါနေအိမ်အတွက် ကန်ဒေါ်လာ သန်း ၂၀ နီးပါး ပေးခဲ့ရပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်သည်။ ဘင်အက်ဖလက်က သူ၏ ကလေးငယ် ၃ ဦးဖြစ်သော ဆင်မြူရယ်၊ ဆီရာဖီနာနှင့် ဗိုင်အိုလက်တို့နှင့် နီးကပ်စွာ နေထိုင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။
ခြံဝန်းအကျယ် ၂၂၆၃ စတုရန်းမီတာမြေပေါ်တွင် တည်ရှိပြီး နာမည်ကျော် Riviera Country ကလပ်နှင့် နီးကပ်စွာ တည်ရှိသည်။ ခြံဝန်းအတွင်း ရေကူးကန်၊ ကလေးများ ဆော့ကစားနိုင်မည့် ကျယ်ဝန်းသည့် နောက်ဖေးခြံဝန်းတို့ရှိကာ နေအိမ်အတွင်း ရုပ်ရှင်ခန်းမလည်း ပါဝင်သည်။
မိတ်ဆွေများကို ဧည့်ခံပါတီပေးရန် ကောင်းမွန်သည့်နေရာလည်းဖြစ်ပြီး အရက်ဘား၊ အားကစားခန်းမနှင့် အပူချိန်ထိန်းညှိစနစ် တပ်ဆင်ထားသော ဝိုင်သိုလှောင်ခန်းတို့ ပါဝင်သည်။
ခမ်းနားထည်ဝါသော လှေကားကြီးမှာ အပေါ်ထပ်ရှိ ဇိမ်ခံ Master Bedroom ဆီသို့ ဦးတည်သွားသည်။
Master Bedroom တွင် သီးခြား မိသားစုခန်းမ၊ ရေချိုးခန်းနှင့် အဝတ်အစားထားသိုခန်း ၂ ခန်းတို့ ပါဝင်သည်။
ထို့အပြင် သီးခြား အိပ်ခန်း ၃ ခန်းနှင့် မိသားစုခန်းမလည်း ထပ်မံပါဝင်သေးရာ ဘင်အက်ဖလက်၏ ကလေးများ လွတ်လပ်စွာ နေထိုင်နိုင်မည်လည်း ဖြစ်သည်။
ဘင်အက်ဖလက်သည် သူ၏မိသားစုအတွက် အကောင်းဆုံးဖြစ်မည့်နေရာကို ရှာဖွေနေသည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သည်ဟု ဆိုသည်။
လက်ရှိအားဖြင့် ဘင်အက်ဖလက်သည် မကြာမီရုံတင်ပြသမည့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သော Triple Frontier in Hawaii ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ရိုက်ကူးလျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)