ပုသိမ်ကြီးမြို့နယ်ရှိ သမ္မတော၊ ဘိုတပ်ကုန်း၊ မဲကင်းကုန်းနှင့် ချမ်းမြသာစည်မြို့နယ်ရှိ ၅၉ လမ်းနှင့် မြတ်လေးလမ်းတွင် တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများ တည်ဆောက်မည်ဖြစ်ကြောင်း မန္တလေးတိုင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
မန္တလေးတိုင်းအစိုးရအဖွဲ့က သတ်မှတ်ပေးထားသော အဆိုပါလေးနေရာကို မြေအသုံးပြုခွင့်ရရေး လုပ်ဆောင်နေပြီး တည်ဆောက်မည့် ဒီဇိုင်းပိုင်းကိုရေးဆွဲနေကြောင်း မန္တလေးတိုင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောကြားသည်။
“ဝယ်ယူနိုင်စွမ်းက အရေးကြီးတယ်။ တချို့နေရာတွေမှာ တိုက်ခန်းက ဈေးကြီးတော့ဝယ်သူတွေ အခက်အခဲဖြစ်တယ်ဆိုတာ သိတယ်။ ကျွန်တော်တို့ဆောက်တဲ့ အိမ်ရာတွေကတော့ အတတ်နိုင်ဆုံး Low Cost (တန်ဖိုးလျော့ကျအောင်) ဖြစ်အောင်လုပ်ပေးမယ်။ ဈေးနှုန်းနည်းနိုင်သမျှနည်းအောင် တွက်ချက်နေပါတယ်”ဟု ၎င်းက ပြောဆိုသည်။
စုစုပေါင်း မြေအကျယ်အဝန်း ၃၃ ဧက ခန့်ရှိမည့် အဆိုပါလေးနေရာတွင် တစ်ပြိုင်တည်းတည်ဆောက်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း မန္တလေးတိုင်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ ထပ်မံသိရသည်။
အဆိုပါတိုက်ခန်းများကို အငြိမ်းစားဝန်ထမ်းများ၊ အငြိမ်းစားယူတော့မည့် ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဝင်ငွေနည်းပြည်သူနှင့် အိမ်ရာလိုအပ်ချက် ရှိသူများကို အဓိကထားရောင်းချပေးရန် မန္တလေးတိုင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စီစဉ်ထားသည်။
Credit: The Voice