ကျူးဘားနိုင်ငံ ဂွါဒါလာဗာကာမြို့၏ အရှေ့စူးစူး မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တည်ရှိသည့် တာ့နှင့် ကေးကပ်စ်ကျွန်းစု Turks and Caicos Islands ပေါ်တွင် ကမ္ဘာကျော် အဆိုတော် ပရင့်စ် ပိုင်ဆိုင်ခဲ့သည့် စံအိမ်ကြီးရှိပြီး ယခုအခါ လေလံတင်တော့မည် ဖြစ်သည်။
တာ့စ်နှင့် ကေးကပ်စ်ကျွန်းစုသည် ယနေ့တိုင် ဗြိတိန်၏ ရေမြေခြား ပိုင်နက်တစ်ခုအဖြစ် တည်ရှိဆဲ ဖြစ်သည်။
မြို့တော်ဖြစ်သော ကော့ခ်ဘန်းမြို့မှာ ၁၇၆၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ မီယာမီမှဆိုလျှင် ၁၀၄၂ ကီလိုမီတာ (၆၄၇ မိုင်) ခန့် ဝေးကွာသည်။
ကျွန်းတစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၄၃၀ ( ၁၇၀ စတုရန်းမိုင်) ရှိသည်။
ပရင့်စ်၏ အမည်ရင်းမှာ ပရင့်စ် ရောဂျာစ် နယ်လ်ဆင်ဖြစ်ပြီး ၁၉၅၈ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် မွေးဖွားကာ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် ကွယ်လွန်ခဲ့သည်။
အမေရိကန် အဆိုတော်၊ တေးရေး၊ ဂီတပညာရှင်၊ တေးထုတ်လုပ်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ဘဝဖြတ်သန်းခဲ့သည်။
အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုလစ်တွင် မွေးဖွားကြီးပြင်းခဲ့ပြီး စတိတ်စင်ပေါ်တွင် တောက်တောက်ပပ ဝတ်စား ဖျော်ဖြေမှု၊ တမူထူးသည့် ဖက်ရှင်ဟန်၊ မိတ်ကပ်အသုံးပြုမှုနှင့် ကျယ်ပြန့်သည့်အသံအားတို့ဖြင့် ထင်ရှားသည်။
ဖန်တီးခဲ့သည့် ဂီတအမျိုးအစားစုံလင်ပြီး funk, rock, R&B, new wave, soul, psychedelia နှင့် pop တို့ ပါဝင်သည်။
ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်ကာ သမိုင်းတစ်လျှောက် အရောင်းရဆုံး ဂီတအနုပညာရှင်များတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။
ဂရမ်မီဆု ၈ ကြိမ်၊ အမေရိကန်ဂီတဆု ၆ ကြိမ်၊ ရွှေကမ္ဘာလုံးဆု တစ်ကြိမ်၊ ၁၉၈၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် Purple Rain ရုပ်ရှင်အတွက် အော်စကာဆုတစ်ကြိမ် ရရှိခဲ့သည်။
ပရင့်စ်၏ စံအိမ်ဝန်းမှာ ၅ ဧကကျယ်ပြီး လာမည့် ဇူလိုင်လတွင် ကန်ဒေါ်လာ ၁၂ သန်းဖြင့် လေလံတင်ရောင်းချမည် ဖြစ်သည်။
ပရင့်စ်သည် မင်နီယာပိုလစ်ရှိ နေအိမ်တွင် ၂၀၁၆ ခုနှစ်အတွင်း ရုတ်တရက်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ယခုစံအိမ်ကို ရောင်းချရန် တစ်နှစ်ခန့်အချိန်ယူခဲ့သော်လည်း ရောင်းမထွက်သောကြောင့် လာမည့် ဇူလိုင်လ ၁၂ ရက်တွင် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း အရောင်းအဝယ်ကိုင်တွယ်ထားသည့် Premiere Estates Auction Co., ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၂၀၁၆ ခုနှစ်၊ မေလအတွင်းက ပထမဆုံး အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ခေါ်ဈေးမှာလည်း ကန်ဒေါ်လာ ၁၂ သန်းဖြစ်သည်။
၎င်းကွယ်လွန်ပြီး တစ်လအကြာတွင် Christie’s International Real Estate မှတစ်ဆင့် ဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ရောင်းမထွက်ခဲ့။
ပရင့်စ်အခြေချနေထိုင်သည်မှာ သူ၏ဇာတိမြို့၊ မင်နီယာပိုလစ်ရှိ Paisley Park Studios တွင်ဖြစ်သော်လည်း ဒုတိယနေအိမ်သဖွယ် ဖြစ်သော တာ့စ်နှင့် ကေးကပ်စ်ကျွန်းစုတွင်လည်း အငွေ့အသက်များစွာ ချန်ထားရစ်ခဲ့သည်။
ယခုနေအိမ်ကို မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အနီရောင်အုပ်ကြွပ်အမိုးနှင့် အင်္ဂတေသရွတ်နုဖြင့် မွမ်းမံထားသည့် မျက်နှာစာရှိကာ အကျယ်အဝန်းမှာ စတုရန်းပေ ၁၀၀၀၀ ရှိသည်။
အိမ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၆ ခန်းပါဝင်သည့် အဆိုပါနေအိမ်ကို ဝယ်ယူလိုသူများအနေဖြင့် Premiere Estates သို့ လေလံမှတ်ပုံတင်ကြေး ကန်ဒေါ်လာ ၁၀၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး လေလံမအောင်ပါက မှတ်ပုံတင်ကြေးငွေ ပြန်လည်ရရှိမည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)