မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် တန်ဖိုးမျှတအရောင်းအိမ်ရာ တိုက်ခန်းများကို ယခုနှစ်အတွင်း အကောင်အထည်ဖော် တည်ဆောက်ရန် စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောကြားသည်။
အဆိုပါတိုက်ခန်းများကို ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြေနေရာစီမံခန့်ခွဲမှု ရရှိပြီးဖြစ်သော မဲကင်းကုန်း၊ ဘိုတပ် ကုန်းနှင့် သမ္မတောတို့တွင် တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိတွင် အဆောက်အအုံပုံစံဒီဇိုင်း အတည်ပြုချက်ရရှိ ရန် စီစဉ်လျက်ရှိကြောင်းနှင့် ယင်းအိမ်ရာများကို တစ်စတု ရန်းပေလျှင် ငွေကျပ် ၂၂၅ဝဝနှင့် ၂၃ဝဝဝ ကြား သတ်မှတ် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
''အရောင်းအိမ်ရာတွေဆောက်ပြီးရင်လည်း ဝယ်ယူ နိုင်တဲ့ အနေအထားမျိုးဖြစ်အောင် တွက်ချက်စဉ်းစားပြီး စီစဉ်ပေးနေပါတယ်၊ အိမ်ရာဝယ်ယူမယ်ဆိုရင် ကိုယ် တတ်နိုင်တဲ့ ငွေပမာဏနဲ့ တိုက်ခန်းအကျယ်ကို ဝယ်ယူ နိုင်မှာပါ၊ အခုတွက်ချက်ထားတဲ့ နှုန်းထားအပြင် မရှိမဖြစ် လိုအပ်တဲ့ ရေ၊ မီးနဲ့ လမ်းအတွက် ကုန်ကျငွေလည်း ထပ်မံ ပါဝင်မှာဖြစ်ပါတယ်၊ ဒီနှစ်အတွင်းမှာပဲ မကြာခင် စတင် တည်ဆောက်တော့မှာပါ၊ ဒီထက်မက မြေနေရာတွေ ရခဲ့ရင်လည်း အရောင်းအိမ်ရာတွေ ထပ်မံတိုးချဲ့ တည်ဆောက်ပေးသွားမှာပါ''ဟု ၎င်းက ပြောသည်။
ယင်းတန်ဖိုးမျှတ အရောင်းအိမ်ရာတိုက်ခန်းများကို အငြိမ်းစားများ၊ မကြာမီ အငြိမ်းစားယူတော့မည့် ဝန်ထမ်း များ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဝင်ငွေနည်း ပြည်သူများနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်ယူရန် ငွေစု ဆောင်းထားသူများကို ဘဏ်ချေးငွေစနစ်ဖြင့် ဦးစားပေး ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ယခင်နှစ်များက မန္တလေးတိုင်းဒေသကြီး ချမ်းမြ သာစည်မြို့နယ်အတွင်း မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းပေါင်း ၁၂၃၂ ခန်းကို တည်ဆောက်ပေးခဲ့ပြီး စတုရန်းပေ ၆၅ဝ အကျယ်အဝန်းရှိ တိုက်ခန်းတစ်ခန်း လျှင် မြေညီထပ် ကျပ် ၂၂၃ သိန်း၊ ပထမထပ် ကျပ် ၂ဝ၈ သိန်း၊ ဒုတိယထပ် ကျပ် ၁၉၃ သိန်း၊ တတိယထပ် ကျပ် ၁၇၈ သိန်းနှင့် စတုတ္ထထပ် ကျပ် ၁၆၃ သိန်းနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Credit: The Mirror