လင်းဆေးလိုဟန် ငယ်စဉ်ကနေထိုင်ခဲ့သည့်နေအိမ်မှာ မိခင်ဖြစ်သူ အိမ်ခြံမြေချေးငွေ ပြန်လည်မပေးဆပ်မှုကြောင့် လေလံတင်ရောင်းချခြင်း ခံရတော့မည် ဖြစ်သည်။
လင်းဆေးလိုဟန်သည် နယူးယောက်ဇာတိဖြစ်ပြီး ၁၉၈၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်တွင် မွေးဖွားခဲ့ကာ နယူးယောက်မြို့၊ လောင်းအိုင်းလန်းနှင့် မာရစ်ခ်အရပ်တို့တွင် ကြီးပြင်းခဲ့သည်။
ရုပ်ရှင်သရုပ်ဆောင်၊ စီးပွားရေးလုပ်ငန်းရှင်၊ ဖက်ရှင်ဒီဇိုင်နာနှင့် အဆိုတော်အဖြစ် ဘဝဖြတ်သန်းခဲ့သည်။
လင်းဆေးလိုဟန် ငယ်စဉ်ကတည်းက နေထိုင်ခဲ့သည့်နေအိမ်မှာ မိခင်ဖြစ်သူက ဘဏ်ချေးငွေမပေးဆပ်နိုင်မှုကြောင့် တရားရုံးတွင် နှစ်ပေါင်းများစွာ အမှုဖြစ်ပွားခဲ့ပြီး ယခုအခါ နယူးယောက်တရားသူကြီးတစ်ဦးက နေအိမ်ကို ရက်ပေါင်း ၉၀ အတွင်း လေလံတင်ရောင်းချရန် အမိန့်ချမှတ်လိုက်ပြီ ဖြစ်သည်။
လင်းဆေးလိုဟန်၏ မိခင် ဒိုင်နာသည် အဆိုပါနေအိမ်အတွက် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့် အကြွေးတင်နေခဲ့ခြင်း ဖြစ်သည်။
ဒိုင်နာက ယင်းနေအိမ်ကို ၂၀၀၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် နေအိမ်နှင့်စပ်လျဉ်းပြီး ဘဏ်ချေးငွေ ကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ချေးယူခဲ့သည်။
JPMorgan Chase Bank က ၂၀၁၄ ခုနှစ်တွင် ဒိုင်နာကို အဆိုပါချေးငွေနှင့် စပ်လျဉ်းပြီး တရားစွဲဆိုခဲ့သည်။
ထိုစဉ်က နေအိမ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီတွင် တရားရုံးတွင် အမှုပြန်လည်ရင်ဆိုင်ရပြန်သည်။
လက်ရှိခန့်မှန်းချက်များအရ လင်းဆေးလိုဟန်ငယ်စဉ်ကနေထိုင်ခဲ့ရာ အဆိုပါ ၂ ထပ်နေအိမ်သည် ကန်ဒေါ်လာ ၁ သန်းခန့် တန်ကြေးရှိပြီး နေအိမ်အကျယ်အဝန်းမှာမူ စတုရန်းပေ ၄၀၀၀ ခန့်သာ ရှိသည်။
လက်ရှိတွင် မာရစ်ခ်အရပ်၌ အလယ်အလတ်စား နေအိမ်ပေါက်ဈေးမှာ ကန်ဒေါ်လာ ၆၁၉၀၀၀ ခန့် ဖြစ်သည်။
နယူးယောက်သတင်းဝက်ဘ်ဆိုက်တစ်ခု၏ ဖော်ပြချက်အရ တစ်ခါတွင် လင်းဆေးလိုဟန်က မိခင်ဖြစ်သူ ဒိုင်နာအား နေအိမ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကန်ဒေါ်လာ ၄၀၀၀၀ ပေးခဲ့သည်ဟု ဆိုသည်။
အဆိုပါငွေကြေးမှာ များပြားလွန်းသော အကြွေးကို ဖြေရှင်းမပေးနိုင်ခဲ့ချေ။
သို့နှင့် ၂၀၁၂ ခုနှစ်အတွင်း မိခင်နှင့် လင်းဆေးလိုဟန်တို့ အချေအတင်စကားများကြရာ ရဲကားပင် ခေါ်ယူခဲ့ရသည်ဟု ဆိုသည်။
၂၀၁၃ ခုနှစ်တွင်လည်း အော်ပရာဝင်းဖရေးက အဆိုပါနေအိမ်သို့ ရောက်ရှိသွားကာ လင်းဆေးလိုဟန်ကို အကြွေးများဆပ်ပေးရန် ပြောကြားခဲ့သေးသည်။
မကြာမီကျင်းပတော့မည့် လေလံပွဲတွင် ဟောလိဝုဒ်သမိုင်းကြောင်းရှိခဲ့သော အဆိုပါနေအိမ်မှာ စိတ်ဝင်စားသူ များပြားမည်ဟု ခန့်မှန်းထားကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)