ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) က ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို အစိုးရအိမ်ရာစီမံကိန်းများအပြင် ပုဂ္ဂလိကကန်ထရိုက်များအတွက်ပါ ချေးငွေများ ထုတ်ချေးပေးထားကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် အစိုးရအိမ်ရာစီမံကိန်းမဟုတ်သော အခြားအိမ်ရာနှင့် တိုက်ခန်းများ တည်ဆောက်ရေးအတွက် ချေးငွေပမာဏအလိုက် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့် ဘဏ်တွင် အပေါင်ပစ္စည်းအပ်နှံပြီး ချေးငွေရယူနိုင်ကြောင်း CHDB ဘဏ်၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဌာန အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မြင့်မြင့်မူက ပြောကြားသည်။
“ကျွန်မတို့ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းတွေ တည်ဆောက်ဖို့အတွက် ချေးငွေကို အတိုး ၁၂ ရာခိုင်နှုန်းနဲ့ ချေးပေးတယ်။ အစိုးရစီမံကိန်းတွေကျတော့ ၁၁ ရာခိုင်နှုန်းနဲ့ ချေးတယ်”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိအချိန်တွင် CHDB ဘဏ်အနေနှင့် အစိုးရက အကောင်အထည်ဖော်လျက်ရှိသော အိမ်ရာစီမံကိန်းများ၊ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အိမ်ရာဝယ်ယူလိုသူများကို ကျပ် ၁၃၂ ဘီလီယံအထိ ချေးငွေထုတ်ချေးလျက်ရှိကြောင်း အဆိုပါဘဏ်၏ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။
လတ်တလောတွင် CHDB က ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်းများ ဝယ်ယူမည့်သူများကို ချေးငွေထုတ်ပေးလျက်ရှိသည်။
Credit: The Voice