ဗြိတိန်နိုင်ငံသားတို့သည် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အကြား ဒူဘိုင်းအိမ်ခြံမြေကဏ္ဍတွင် ဒူဘိုင်းငွေ ၃၁ ဒသမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၈ ဒသမ ၄၇ ဘီလီယံ) ခန့်အထိ ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း ဒူဘိုင်းမြေယာဌာန (DLD) မှ ထုတ်ပြန်သည့်အချက်အလက်များတွင် ဖော်ပြသည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မကြာမီတွင် ဗြိတိန်၌ “နိုင်ငံတကာ အိမ်ခြံမြေနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲ (IREIS)” ကို ကျင်းပသွားရန်ရှိရာ အိမ်ခြံမြေ developer များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးဆောင်များအတွက် ရောင်းချရန်နှင့် အချင်းချင်းချိတ်ဆက်ရန် platform တစ်ခု ဖြစ်လာမည် ဖြစ်သည်။
ယင်းပြပွဲကို လန်ဒန်ရှိ Queen Elizabeth Centre II စင်တာတွင် လာမည့် ဇွန်လ ၂၂ ရက်မှ ၂၃ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး အာရပ်စော်ဘွားများပြည်ထောင်စုတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ ရှာဖွေနေသည့် ဗြိတိန်ရင်းနှီးမြှုပ်နှံသူတို့အတွက် တစ်နေရာတည်း၌ အားလုံးဖြည့်ဆည်းပေးနိုင်မည့် one-stop shop သဖွယ် ဖြစ်မည်ဟု ဆိုသည်။
IREIS 2018 – UK Edition ပြပွဲကို Dome Exhibitions မှ စီစဉ်ခြင်းဖြစ်ပြီး အာရပ် ၇ နိုင်ငံရှိ နောက်ဆုံးအိမ်ခြံမြေများကို ပြသသွားမည်ဟုလည်း သိရသည်။
ဒူဘိုင်းအိမ်ခြံမြေကဏ္ဍတွင် ဗြိတိန်သည် တတိယမြောက်အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည့် နိုင်ငံဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် ဥရောပသမဂ္ဂမှ နှုတ်ထွက်ရန် ဗြိတိန်၌ ဆန္ဒမဲပေးခဲ့ကြပြီးနောက် အရင်းအနှီးသွင်းအားစုများစွာ စီးထွက်သွားမှုကို ရင်ဆိုင်ခဲ့ရသည်။
ဒူဘိုင်းသည် ခိုင်မာသည့် လုပ်ထုံးလုပ်နည်းရှိခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးမှု အားကောင်းခြင်းတို့ကြောင့် ဒူဘိုင်းသည် ဗြိတိန်ရင်းနှီးမြှုပ်နှံသူတို့အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ထိပ်တန်းဈေးကွက်ဖြစ်လာသည်။
ထို့အပြင် ဗြိတိန်တွင် အခြေစိုက်ခဲ့ကြသော ပြည်ပရင်းနှီးမြှုပ်နှံသူတို့ကလည်း ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာပြီးနောက် ပိုမိုတည်ငြိမ်သည့်ဈေးကွက်များသို့ ပြောင်းလဲရင်းနှီးမြှုပ်နှံလိုကြရာ ဒူဘိုင်းမှာ ၎င်းတို့၏ လိုလားချက်များ ပြည့်မီသည့် ဈေးကွက်တစ်ခု ဖြစ်နေခြင်းနှင့် တိုက်ဆိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ဗြိတိန်မှ အိမ်ခြံမြေ ဝယ်လက်တို့သည် ဒူဘိုင်းတွင် ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ဒူဘိုင်းငွေ ၆ ဘီလီယံ၊ ၂၀၁၆ ခုနှစ်အတွင်း ၅ ဒသမ ၈ ဘီလီယံ၊ ၂၀၁၅ ခုနှစ်တွင် ၁၀ ဘီလီယံနှင့် ၂၀၁၄ ခုနှစ်တွင် ၉ ဒသမ ၃ ဘီလီယံဖိုး အသီးသီး ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း ဒူဘိုင်း မြေယာဌာနမှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)