ဗြိတိန်နိုင်ငံ၊ ဝေလပြည်တွင် မြေအကျယ် ၉၄၇ ဧကရှိပြီး နှစ်ပေါင်း ၈၄၀ နီးပါးသက်တမ်းရှိ ရဲတိုက်ကြီးကို ပေါင် ၁၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။
နောက်ဆုံးလက်ပြောင်းလက်လွှဲဖြစ်ခဲ့သည်မှာ ၁၆၅၆ ခုနှစ်ကဖြစ်ပြီး ယင်းနောက်ပိုင်းကတည်းက ပိုင်ရှင်အပြောင်းအလဲ မရှိခဲ့ချေ။
ရဲတိုက်ကြီးကို ကျောက်တုံးဖြင့် ဆောက်လုပ်ထားပြီး ၁၁၈၀ ပြည့်နှစ် ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
တည်နေရာမှာ ဝေလပြည်တောင်ပိုင်း၊ Vale of Glamorgan အရပ်၊ ဖွန်မွန်ကျေးရွာအနီးတွင် တည်ရှိပြီး ဖွန်မွန်စံအိမ်ဟု အမည်ပေးထားသည်။
Grade I အဆင့်ရှိ ရဲတိုက်ကြီး၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၀၀၀ ခန့်ရှိသည်။
ယနေ့ကာလတွင်ကား မြေညီထပ်ရှိ အခန်းများကို မင်္ဂလာခန်းမအဖြစ် စီးပွားရေးလုပ်ငန်းအသွင် အသုံးပြုနေပြီး အပေါ်ထပ်ကိုမူ အိပ်ခန်း ၄ ခန်းပါ သီးသန့်လူနေအိမ်ခန်းအဖြစ် အသုံးပြုထားသည်။
မြေအောက်ခန်းတွင် ဝိုင်သိုလှောင်ခန်း တစ်ခုပါဝင်သည်။
နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ၁၆၅၆ ခုနှစ်တွင်ဖြစ်ပြီး ဝေလစစ်ဘက်အရာရှိ၊ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ဖိလစ်ဂျုန်းစ်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ရဲတိုက်ကြီး၏ မြောက်ဘက်ခြမ်းကို ဗိုလ်မှူးကြီးဖိလစ်က တိုးချဲ့ခဲ့ခြင်း ဖြစ်၏။
နောက် နှစ်ပေါင်း ၁၀၀ ခန့်အကြာ ဖိလစ်၏ မျိုးဆက်တစ်ဦးက ရဲတိုက်ကြီးနှင့် ပိုမိုတူညီစေရန်အတွက် တံတိုင်းများ တိုးချဲ့ဆောက်လုပ်ခဲ့သည်။
ထို့အပြင် ပြင်ပအလင်းရောင် ပိုမိုရရှိစေရန် ပြတင်းပေါက်များလည်း တိုးချဲ့ထည့်သွင်းခဲ့၏။
အလွန်ကျယ်ပြောလှသော ခြံဝန်းကြီးအတွင်း မြင်းဇောင်းများ၊ သစ်ခွခြံတစ်ခြံ၊ သစ်တောများ၊ စံမီ ပန်းဥယျာဉ်များ၊ နာရီစင်တစ်ခု၊ နေအိမ် ၈ လုံးနှင့် ဂိုဒေါင်များ ပါဝင်သည်။
ရဲတိုက်ကြီး၏ မြေအောက်ခန်းတွင် ပန်းသီးသိုလှောင်ခန်းတစ်ခုလည်း ထားရှိသေးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)