နွေဦးပေါက်ရဲ့ ညနေခင်းမှာ ကိုယ်ရွေးချယ်ထားတဲ့ စာအုပ်ကလေးတစ်အုပ်နဲ့ လေတဖြူးဖြူးတိုက်နေတဲ့ တမာပင်အရိပ်မှာထိုင်။ နံဘေးမှာ အဆာပြေစားရအောင် လက်ဖက်အုပ်ကလည်း အဆင်သင့်။ မျက်စိညောင်းတဲ့အခါ စာအုပ်လေးရင်ဘတ်ပေါ်မှောက်ချ မျက်လုံးလေးမှိတ်ပြီး အတိတ်က ရခဲ့တဲ့ အောင်မြင်မှုတွေ၊ လွဲချော်သွားတဲ့ အမှားတွေ၊ တစ်ခါတလေ တွေ့ကြုံဆက်ဆံခဲ့ကြရတဲ့လူတွေကို ပြန်ပြောင်းစဉ်းစားရင်း ဘဝရဲ့နှောင်းပိုင်းကာလကို လူတိုင်း ဒါမှမဟုတ် လူအများစုက အေးအေးလူလူ ဖြတ်သန်းချင်ကြမှာပါ။
အသက်ကြီးမှ အဲဒီလိုနေဖို့က စိတ်ကူးယဉ်မှုမျှသာဖြစ်ပြီး စိတ်ကူးတွေ လက်တွေ့ဖြစ်လာဖို့ အခွင့်အရေးအင်မတန်နည်းပါတယ်။ အေးအေးချမ်းချမ်းနေလိုတဲ့ ဆန္ဒအတွက် တစ်သက်လုံးက ကုန်းရုန်းရှာထားသမျှကလည်း အသက်အရွယ်ရလာချိန်မှာ ဆေးကုရတာနဲ့တင် ပြန်ကုန်တဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။
"ဗုဒ္ဓပြောတာနဲ့ပဲ ယှဉ်တွေးလိုက်ရင် အဖြေပေါ်မယ်လို့ ထင်တာပဲ။ ပစ္စုပ္ပန်ကို တည့်တည့်ကြည့်။ နောက်အသက်ကြီးတဲ့အချိန်ဆိုတာ ကိုယ်မှမပိုင်တာ။ ကိုယ်တွေ ပြောပြောနေတယ် မနက်ဖြန်ကျမှတွေ့မယ် သဘက်ခါကျမှတွေ့မယ်ဆိုပြီး ဒီညမှာပဲ တစ်စုံတခုက ဖြစ်သွားနိုင်တာပဲ" လို့ အသက် ၄၈ နှစ်အရွယ် ဦးနော်အောင်က တည်တည်ငြိမ်ငြိမ် ပြောပါတယ်။ ဦးနော်အောင်ဟာ မှော်ဘီမြို့နယ်၊ ရေတာရှည်ကျေးရွာက မန်ကျည်းလွင်ပြင်ခြံ (Tamarind Valley) လို့ အမည်ပေးထားတဲ့ အဲဒီအသိုက်အမြုံလေးမှာ တည်ဆောက်ထားတဲ့ မြေကြီးအိမ်ကို လွန်ခဲ့တဲ့ ရှစ်နှစ်ဝန်းကျင်ကတည်းက မိသားစုနဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
မြေကြီးအိမ်လို့ အသံကြားလိုက်တာနဲ့ မိုးရာသီမှာ အဆင်ပြေပါ့မလားဆိုတဲ့မေးခွန်းက ဦးနော်အောင်အတွက် ရှစ်နှစ်လုံးလုံး အမေးခံခဲ့ရဆုံး မေးခွန်းဖြစ်ပါလာတယ်။ မြင်သာအောင် သူပြန်ဖြေပုံက "ခြတောင်ပို့တွေ မိုးရွာလို့ အရည်ပျော်သွားတယ်ဆိုတာ မရှိပါဘူး။ ခြတောင်ပို့ကို ခွဲမယ်ဆိုရင် ပေါက်ပြားတွေနဲ့ တူရွင်းတွေသုံးပြီး လူတောင် မနည်းဖျက်ရပါတယ်" တဲ့။
မြန်မာနိုင်ငံမှာတော့ မြေကြီးအိမ်တွေကို ရခိုင်နဲ့ ချင်းပြည်နယ်ကလွဲလို့ နေရာအနှံ့မှာ အလုံးပေါင်း ၁၀ဝ ကျော် ဆောက်လုပ်နေထိုင်နေကြပြီးဖြစ်တယ်လို့ မြေကြီးအိမ်ချစ်သူများကွန်ရက်က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးသက်နိုင်က ပြောပါတယ်။
နွေဆိုအေး၊ ဆောင်းဆိုနွေးပြီး ရာသီဥတုဒဏ်ခံနိုင်တဲ့ မြေကြီးအိမ်တွေကို ကမ္ဘာအနှံ့ကနိုင်ငံတွေမှာ တည်ဆောက်နေထိုင်နေကြပြီး သမဇုန်ရာသီဥတုရှိတဲ့ မြန်မာနိုင်ငံအတွက် ပိုသင့်တော်တယ်လို့ ဦးနော်အောင်က ပြောပါတယ်။ သူက အလင်းအိမ်ဖွံ့ဖြိုးရေးအဖွဲ့ (စာအုပ်ထုတ်ဝေရေးနဲ့ လူထုပါဝင်တဲ့ စိုက်ပျိုးရေးလုပ်ငန်း လုပ်သောအဖွဲ့) က စာအုပ်စီစဉ်တည်းဖြတ်သူ တစ်ဖြစ်လဲ စာရေးဆရာလည်း ဖြစ်ပါတယ်။
မန်ကျည်းလွင်ပြင်ခြံမှာ ၂၀ဝ၉ ခုနှစ်က စတင်ကာ မြေကြီးအိမ်ဆောက်နည်း သင်တန်းပေးလျက်ရှိပြီး ဒီနှစ် မတ်လအစောပိုင်းက ငါးကြိမ်မြောက်သင်တန်းကို မြန်မာတိုင်း(မ်)က သွားရောက်လေ့လာခဲ့တာဖြစ်ပါတယ်။
နွေးထွေးတဲ့အိမ်ဆိုတာ ရန်ကုန်မြို့လယ်မှာ ရနိုင်သလား မြေကြီးအိမ်ဆောက်နည်း သင်တန်းသားတစ်ယောက်ဖြစ်တဲ့ ကချင်တိုင်းရင်းသား ကိုမုန်ရှောင်အောင်က လူတွေနဲ့ သူတို့နေထိုင်တဲ့ အိမ်တွေကြားမှာ ဟိုးအရင်ကလို ချစ်ခင်ရင်းနှီးမှုမျိုးမရှိဘဲ နေထိုင်လို့အဆင်ပြေ အောင် တမင်လိုက်ပြင်ဆင်နေရတာမျိုး သပ်သပ်စီဖြစ်လာနေတယ်လို့ မြင်ပါတယ်။
မြေကြီးအိမ်ဆောက်တယ်ဆိုတာ 'တည်ဆောက်ခြင်း တစ်ခုတည်းမဟုတ်ဘဲ လူနေမှုပုံစံတစ်ခု (way of living)' အနေနဲ့ သွားတယ်လို့ လွန်ခဲ့တဲ့သုံးနှစ်က အိမ်ထောင်ပြုခါနီး တန်ဖိုးနည်းအိမ်စုံစမ်းရင်း မြေကြီးအိမ်ကို စိတ်ဝင်စားမိသွားသူ ကိုမုန်ရှောင်အောင်က ဆိုပါတယ်။
"ကျွန်တော် မြေကြီးအိမ်ကို စိတ်ဝင်စားပြီးတဲ့နောက်ပိုင်းမှာ မြေကြီးအိမ်ဆောက်တယ်ဆိုတာက တည်ဆောက်ခြင်းတခုတည်း မဟုတ်တာကို ကျွန်တော်တွေ့ရတယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာတွေ ပါလာတယ်။ မြေကြီးနဲ့ လုပ်တယ်ဆိုကတည်းက တန်ဖိုးနည်းတယ်။ ပြီးတော့ ဒေသထွက်ကုန်တွေပဲ သုံးတယ်။ ဒီလိုနေတယ်ဆိုတာ မြို့မှာ ဆောက်လို့မရဘူး။ မြို့စွန်မှာ ဆောက်ရမှာ။ အဲဒီတော့ သူတို့ရဲ့ လူနေမှုပုံစံလည်း ပြောင်းသွားတယ်" လို့ လုမ္ဗိနီပုဂ္ဂလိကကျောင်းက အင်္ဂလိပ်နဲ့လူမှုရေးဘာသာ အလယ်တန်းပြဆရာ ကိုမုန်ရှောင်အောင်က ပြောပါတယ်။
ခေတ်ကိုက 'ကွန်ကရစ်တိုက်နဲ့နေမှ အဆင့်အတန်း ရှိတယ်။ ကြွယ်ဝတယ်လို့ သတ်မှတ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီလို မသတ်မှတ်တော့ဘူး။ သဘာဝနဲ့နေတဲ့သူက ပိုပြီးချမ်းသြွာကယ်ဝတယ်လို့ ယူဆလို့ရတယ်' လို့ မြေကြီးအိမ်ချစ်သူ အသက် ၄၉ နှစ်အရွယ် ဦးသက်နိုင်ကပြောပါတယ်။
ဖွံ့ဖြိုးတယ်ဆိုတာ လမ်းတံတားသယ်ယူပို့ဆောင်ရေး (infrastructure) ကို ဆိုလိုတာလား၊ သို့မဟုတ် လူတွေကို ကျန်းမာစေသောအစားအစာကို ဆိုလိုတာလားဆိုပြီး ဦးနော်အောင်က မေးခွန်းထုတ်လိုက်ပါသေးတယ်။ သူ့အိမ်နံဘေးမှာတော့ မိသားစုစိုက်ခင်းလေးတစ်ခု ပြုလုပ်ထားပြီး ကန်စွန်း၊ မုန်လာဥဖြူ၊ နီ၊ ရွှေဖရုံပင်နဲ့ ဘူးပင်တွေ စိုက်ပျိုးထားပါတယ်။ ကိုယ့်ခြံထဲက အသီးအရွက်ကို ပိုမြတ်နိုးတတ်အောင် သားသမီးတွေကို အလေ့အကျင့်လုပ်ပေးထားတယ်လို့ ဦးနော်အောင်ရဲ့ဇနီး ဒေါ်နော်ချောချောသန်းက ပြောပါတယ်။ "ညနေပိုင်း ရေချိုးခါနီးဆို (ကလေးတွေ) သူတို့ကိုယ်တိုင် ရေလောင်းခိုင်းတယ်။ ရေလောင်းပြီးမှ ရေချိုး။ အဲဒီအလေ့အကျင့် လုပ်ထားပေးတယ်။"
ကျန်းမာတဲ့ လူတွေ ရှိတဲ့နေရာမှာ 'စိတ်ပိုင်းဆိုင်ရာရွှင်လန်းမှု' ရှိပြီး 'ရန်လိုမှုတွေ၊ ဆူပူမှုတွေ မရှိဘူး'။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ကလည်း ခန္ဓာကိုယ်နဲ့ ချိတ်နေတဲ့အတွက် ကျန်းမာစေတဲ့ အစားအသောက်တွေ စားရတယ်၊ ကျန်းမာတဲ့ရေ သောက်ရတယ်၊ ပြီးတော့ ကျန်းမာတဲ့နေရာမှာ နေရတယ်လို့ ဦးနော်အောင်က ဆိုပါတယ်။
"ဒါပေမဲ့ ကျွန်တော်တို့ကို အရူးလို့ပြန်ပြောကြတယ်။ ရူးတဲ့ကောင်က သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက် စားရတယ်။ အခုမြို့ထဲမှာ ခင်ဗျားရှောင်ပါလို့ပြောရင် ခင်ဗျားရှောင်နိုင်လားပေါ့။ မရှောင်နိုင်ကြဘူးလေ" လို့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်နဲ့ပတ်သက်ပြီး ပညာပေးသူတစ်ဦးလည်းဖြစ်တဲ့ ဦးသက်နိုင်က ပြောပါတယ်။ သူကိုယ်တိုင်ကလည်း စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ သူ အစုစပ်ဝယ်ထားတဲ့ မန်ကျည်းလွင်ပြင်ခြံမှာပဲ မိသားစုနဲ့အတူ လာရောက်နေထိုင်ပါတယ်။
ဒါပေမဲ့ ဒီလိုနေထိုင်မှုက နိုင်ငံတကာက သတ်မှတ်ထားတဲ့ ချမ်းသာကြွယ်ဝတဲ့ ဖွံ့ဖြိုးတိုးတက်မှု စံနှုန်းနဲ့တော့ ကိုက်ညီမှာမဟုတ်ပါဘူး။ "တော်တော်များများက သူများပြောတဲ့အတိုင်း လိုက်နေတတ် ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူများ ဘယ်လိုနေပါ ထိုင်ပါဆိုတာ သိပ်မယုံတော့ဘူး။ ကိုယ်နဲ့ ဘာသင့်တော်သလဲဆိုတာပဲ ရွေးချယ်တော့တယ်" လို့ Gaia Sustainable Management Institute မှာ လုပ်ကိုင်နေတဲ့ ဦးသက်နိုင်က ဆိုပါတယ်။
မြို့ကြီးတွေမှာတော့ များသောအားဖြင့် 'မီးခြစ်ဆံဘူး' ထဲမှာလို နေကြရတာများပြီး သဘာဝနဲ့ ကင်းကွာလာပါတယ်။ သဘာဝကိုတောင် သူစိမ်းလို ပြန်မြင်လာပြီ။ ဥပမာ အကောင်တွေ့ရင် သတ်ပစ်လိုက်မယ်။ သူ့ကို ဒုက္ခပေးမလားပေါ့။ နောက်ပြီး နေရာရတာ နည်းတော့ လူတွေက သိပ်မလှုပ်တော့ဘူး။ အလှုပ်အရှားတွေ နည်းလာတယ်။ ဒီမှာဆိုရင် လှုပ်ချင်ချင် မလှုပ်ချင်ချင် ဟိုဘက်ဆိုလျှောက် ဒီဘက်ကိုပြန်လာလုပ်ရတော့ လေ့ကျင့်ခန်းလို ဖြစ်သွားတယ်။ မြို့ထဲက ကလေး တွေဆို ပိုဆိုးတာက ကားလမ်းမှာ ကားတွေပြည့် ပလက်ဖောင်းကလည်း လုပ်မထားပြန်ဘူး ဆိုတော့ ကလေးတွေအတွက်က ဘယ်လိုမှ နေရာမရှိဘူး" လို့ ဦးသက်နိုင်က ပြောပါတယ်။
+++ မြေကြီးအိမ်မှာပဲ နေထိုင်တဲ့သူရဲ့ စိန်ခေါ်မှု +++
"ပြောင်းခါစကတော့ အမျိုးတွေက ရူးများရူးသွားကြပြီလားလို့ ပြောကြတယ်" လို့ ဦးနော်အောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်နော်ချောချောသန်းက ပြောပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ သဘာဝပတ်ဝန်းကျင်မှာနေလိုတဲ့ ဆန္ဒအပြင် မွေးရာပါ အရိုးအကြောပျော့ရောဂါ ခံစားနေရတဲ့ သူ့သမီးလေးရဲ့ ကျန်းမာရေးအခြေအနေ ကလည်း ပြောင်းဖို့တွန်းအားဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
"ရန်ကုန်မှာကျတော့ အိမ်က ခြံနဲ့ပြည့်နေပြီး လှုပ်ရှားပြေးလွှား ဆော့ကစားစရာ နေရာမရှိဘူး။ မြေကြီးလည်း မရှိဘူး။ အကုန်လုံးက ကွန်ကရစ်လောင်းထားတော့ အဆင်မပြေဘူး။ သူ့ရဲ့ကျန်းမာရေး အရလည်း ပြန်စဉ်းစားရတယ်" လို့ ဒေါ်နော်ချောချောသန်းက ပြောပါတယ်။
အခုဆိုရင်တော့ ၁၂ နှစ်အရွယ်သမီးလေးက မသန်စွမ်းလို့မထင်ရတော့အောင် ကျန်းမာလာပြီ ဖြစ်တဲ့အတွက် ဒီပြောင်းလဲနေထိုင်ရမှုအပေါ် ကျေနပ်တယ်လို့ သူကဆိုပါတယ်။
သူတို့အိမ်ကိုတော့ ဆိုလာနဲ့ ရေတင်နိုင်အောင်လုပ်ထားပြီး နောက်ပိုင်းကျရင် နွားချေးနဲ့ သဘာဝဓာတ်ငွေ့ ထုတ်ပြီး ထမင်းချက်တာမျိုး လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။
+++ အိမ်တစ်လုံးရဲ့ ကုန်ကျစရိတ် +++
အတော်အသင့်ကျယ်ဝန်းတဲ့ အိမ်တစ်လုံးရဲ့ဈေးနှုန်း သိန်းရာနဲ့ချီရှိနေတဲ့ခေတ်မှာ ခုလို ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။
ဒီမြေကြီးအိမ်ရဲ့ဈေးနှုန်းက အခြေခံအုတ်မြစ်ဖိုးအပါအဝင် ပေ ၂၀ ပတ်လည်ဆို သိန်း၂၀ လောက်ပဲ ကုန်ပြီး ဒီငါးကြိမ်မြောက်သင်တန်းပေးတဲ့ ငါးရက်အတွင်း ဆောက်တဲ့ ပေ ၄၀ - ၆၀ ကျယ်တဲ့ အိမ်ဆိုရင် သိန်း ၃၀ ကျော်၊ ၄၀ လောက်ပဲ ကုန်တယ်လို့ မြေကြီးအိမ်ဆောက်ရင်း အသက်မွေးနေသူတစ်ဦးဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီးက ကိုစည်သူက ပြောပါတယ်။ သူက မန်ကျည်းလွင်ပြင်ခြံမှာ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က မြေကြီးအိမ်ဆောက်နည်းသင်တန်း တက်ခဲ့သူတစ်ဦးဖြစ်ပြီး ခုချိန်မှာ အိမ်ဆောက်နည်းပြတစ်ဦး ဖြစ်ပါတယ်။
"များသောအားဖြင့် အခုက တော်တော်များများ ဆောက်လာကြတယ်။ (မန်ကျည်းလွင်ပြင်ခြံကို) အလည်လာရင်းနဲ့ နေကြည့်တယ်။ အဲဒီလိုနဲ့ သိလာတဲ့အခါကျတော့ ခေါ်ပြီးတော့ ဆောက်ကြတယ်" လို့ ကိုစည်သူက ပြောပါတယ်။
"သင်တန်းပေးတဲ့အခါမှာလည်း သူတို့ကို ခံစားတတ် အောင် သူတို့ကိုယ်တိုင်ပေးပြီးတော့ လုပ်ခိုင်းတယ်။ အချို့ကတော့ ကွန်ကရစ်မှ ကောင်းတယ်ပေါ့။ ဒါပေမဲ့ ရွှံ့အုတ်ရဲ့ အရသာကို သူတို့ခံစားကြည့်တယ်။ ကြိုက်တယ်ဆိုပြီး ပြန်ဆောက်ကြတာများတယ်။ အကုန်အကျလည်း နည်းတယ်ဆိုတော့ သဘောကျကြတယ်။" အခုချိန်ထိ ကိုစည်သူက မြေကြီးအိမ်ဆယ်လုံး ဆောက်ပြီး ခဲ့တဲ့အပြင် နောက်ထပ်လည်း ဘားအံ၊ ဟင်္သာတ၊ မကွေးနဲ့ ကျောက်ကြီးမြို့တွေမှာ စုစုပေါင်းလေးလုံးဆောက်ဖို့ ချိတ်ဆက် ထားသေးတယ်လို့ သိရပါတယ်။ အိမ်သွားဆောက်တဲ့အခါမှာ လည်း ကိုစည်သူနဲ့ သူ့သူငယ်ချင်းတစ်ယောက်သာ သွားပြီး ဒေသခံတွေကိုပါ အတွေ့အကြုံရအောင် ခေါ်ဆောက်စေတယ် လို့လည်း ဆိုပါတယ်။
"ကျွန်တော်က ကောင်းတယ်လို့ပြောလည်း သူတို့ သဘောပေါက်ချင်မှ ပေါက်မှာ။ သူတို့ကိုယ်တိုင် (ရွာသားတွေ) အိမ်ပေးဆောက်တဲ့အခါကျတော့ သူတို့ ခံစားတတ်လာတယ်။ သူတို့ သဘောပေါက်လာတာပေါ့။" မြေကြီးအိမ်ကို နေအိမ်အဖြစ်အပြင် ဟိုတယ်၊ စာသင်ကျောင်း၊ စာကြည့်တိုက်နဲ့ စားသောက်ဆိုင်အဖြစ်လည်း အသုံးပြုကြတယ်လို့ သိရပါတယ်။
+++ လက်တွေ့အသုံးချမှု +++
ငါးကြိမ်မြောက်သင်တန်းကို သင်တန်းသားဆယ်ယောက်ကျော် တက်ရောက်ခဲ့ပြီး မြေကြီးအိမ်ကို ကိုယ်တိုင် ဆောက်လုပ်ပြီး တကယ်နေထိုင်သွားမယ့်သူတွေလည်း ပါဝင်နေပါတယ်။ အသက် ၃၀ အရွယ် သင်တန်းသား ကိုအောင်ဖြိုးလင်းက စားဖိုမှူးအဖြစ် အသက်မွေးနေပြီး ကလောမှာ သူကိုယ်တိုင်နေထိုင်ဖို့ ဆောက်ဖို့ရည်ရွယ်ထားသလို ကျောင်းဆရာ ကိုမုန်ရှောင်အောင်ကတော့ သူ့အမျိုးသမီးနဲ့ နှစ်ယောက်အတူတူဆောက်ထားတဲ့ မြေကြီးအိမ်လေးမှာ သူ့သမီးလေးကို ကြီးပြင်းစေဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဒါ့ပြင် မြို့စွန်မှာ လာနေဖို့ကလည်း ခေတ်ရဲ့ ရေစီးကြောင်းနောက်မလိုက်ဘဲ ကိုယ့်ခံယူချက်ပြောင်းဖို့ လိုတယ်လို့ ဒေါ်နော်ချောချောသန်းက ပြောပါတယ်။ "လွယ်တော့ မလွယ်ဘူးပေါ့။ အဓိကကလည်း ကိုယ့်စိတ်ကို ပြင်ဆင်နိုင်မှ။ အဓိကက ခံယူချက်တွေပေါ့။ မပြောင်းသရွေ့ကတော့ ဒီလိုမျိုးနေရာ လာနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ဒါက လွယ်လွယ်လေးနဲ့ changes လုပ်လို့ ရတဲ့အရာမှ မဟုတ်တာ။ အဓိကက ကိုယ့်ရဲ့ စိတ်နဲ့ ကိုယ့်ရဲ့ခံယူချက်ကလည်း ရှိသေးတာကိုး။ တင်းတိမ်ရောင့်ရဲတဲ့စိတ် မထားနိုင်ရင်တော့ အဆင်မပြေလောက်ဘူး။"
မန်ကျည်းလွင်ပြင်ခြံကို အလည်သွားမယ်ဆိုရင် မှော်ဘီမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ဆိုင်းဘုတ်ရဲ့ အကျော်နားကနေ ညာဘက်အတွင်းပိုင်းကို ချိုးဝင်သွားရမှာဖြစ်ပြီး အတော်အသင့် ဆက်သွားရဦးမှာမို့ ဖုန်းနံပါတ် ဝ၉ ၄၄၈၀၁၄၃၈၆၊ ဝ၉ ၄၄၈၀၁၅၈၆၉ ကို ကြိုတင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Credit: The Myanmar Times