တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်တွင် ဆောင်ရွက်မည့်
စီမံကိန်းများကို ဦးစားပေးအဆင့် သတ်မှတ်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
အဆိုပါစီမံကိန်းကို တရုတ်-မြန်မာ နယ်နိမိတ်မှစတင်ကာ ရန်ကုန်မြို့အထိ တည်ဆောက်မည်ဖြစ်ပြီး ယင်းစီမံကိန်းနှင့်ပတ်သက်၍ အခြေခံအဆောက်အဦလုပ်ငန်းများကို ဌာနဆိုင်ရာများ ပူးပေါင်း၍ ဦးစားပေး ဆောင်ရွက်ရန် ညှိနှိုင်းခြင်းဖြစ်ကြောင်း ယင်းဌာန၏ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“ဒီစီမံကိန်းလုပ်ဖို့အတွက် မြန်မာအစိုးရနဲ့ တရုတ်အစိုးရအကြား ညှိနှိုင်းမှုက အားလုံး ပြီးပြတ်သွားပါပြီ။ လက်မှတ်ထိုးဖို့ပဲ ကျန်တာပါ”ဟု ၎င်းကဆိုသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည် တရုတ်အစိုးရက ဆောင်ရွက်မည့် One Belt and One Road စီမံကိန်းတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ရထားလမ်း၊ ကားလမ်းများလည်း ဖောက်လုပ်သွားမည်ဖြစ်ကာ အဓိက ရင်းနှီးမြှုပ်နှံသူများမှာ တရုတ်အစိုးရပိုင် စီးပွားရေး လုပ်ငန်းများဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသည် ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ကျင်းပသည့် China- Myanmar Economic Corridor MoU လက်မှတ်ရေးထိုးမည့် ညှိနှိုင်းအစည်းအဝေးကိုသွားရောက်၍ ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။
Credit: The Voice