ပြည်မြို့တွင် အနာဂတ်စီးပွားရေးဖွံ့ဖြိုးရေးဇုန် (မြို့သစ်) ကို ဇီးကုန်းကျေးရွာအုပ်စု လယ်မြေနေရာများတွင် ဖော်ဆောင်ရန်အတွက် ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်မြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
ပြည်မြို့အထွက် ပြည် - အောင်လံ လမ်း ဇီးကုန်းကျေးရွာအုပ်စုရှိ လယ်မြေ ၃၆၂ ဧကပေါ်တွင် မြို့ပြအကွက်များ ဖော်ဆောင်သွားမည်ဖြစ်ပြီး ဒေသခံ မူလမြေပိုင်ရှင်များနှင့် ညှိနှိုင်းကာ မြေတစ်ဧကလျှင် ပေ ၄၀ x ၆၀ မြေနှစ်ကွက်ပြန်ပေးရန် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ဒေသခံများနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။
“တောင်သူတွေက တောင်းဆိုလာတယ်။ ဒီလယ်တွေက လျှပ်စစ်မြစ်ရေတင် စီမံကိန်းနဲ့ ရေသွင်းစိုက်ပျိုးရတာ အစိုးရဘက်က လျှပ်စစ်မြစ်ရေတင် စီမံကိန်းက အရှုံးပေါ်တော့ ရေမပေးနိုင်တော့ဘူး။ သူတို့အတွက် အဆင်ပြေအောင် မြို့သစ်အကွက်ဖော်ဖို့ တောင်းဆိုလာလို့ အစိုးရနဲ့တောင်သူတွေကြား ညှိနှိုင်းပြီး လုပ်ဆောင်ပေးတာပါ” ဟု ဦးကျော်ဇေယျက ဆိုသည်။
လက်ရှိတွင်လုပ်ဆောင်မည့် ကုမ္ပဏီ၊ တောင်သူနှင့် အစိုးရတို့ သုံးဦးညှိနှိုင်းမှုအဆင်ပြေပြီး ကုမ္ပဏီက ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းအကောင်အထည်ဖော်ဖြစ်ပါက ပဲခူးတိုင်းအတွက် ပထမဆုံးစီးပွားရေး ဇုန်ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“တောင်သူတွေကလည်း သူတို့ပိုင်မြေပေါ်လုပ်ချင်တယ်။ လုပ်ခွင့်လည်း လွှဲပြောင်းပေးထားတယ်။ မြို့ပြနဲ့ အင်္ဂါရပ်နဲ့အညီ လမ်းပါမယ်။ မီးပါမယ်။ တောင်သူ တစ်ဧကကို ပေ ၄၀၊ ၆၀ နှစ်ကွက်ပြန်ပေးမယ်ပေါ့။ လောလောဆယ်ညှိနှိုင်းမှု အဆင်ပြေတယ်။ စီမံကိန်းက အပိုင်းလိုက်ခွဲပြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ တင်ပြပြီးလုပ်ဆောင်သွားမှာပါ။ လောလောဆယ် ငါးနှစ်လျာထားထားတယ်” ဟု အဆိုပါစီမံကိန်းဖော်ဆောင်မည့် စစ်ကိုင်းတိုင်း ကောင်းတင့်ဟိန်းကုမ္ပဏီမှ MD ဦးဝင်းခိုင်က ပြောဆိုသည်။
အဆိုပါစီမံကိန်းကို ကျပ် ၁၅ ဘီလီယံ အကုန်အကျခံကာ ဇီးကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာရှိ မြေဧက ၃၆၂ ပေါ်တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး တောင်သူ ၉၉ ဦး ပိုင်ဆိုင်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါမြေနေရာများမှာ မိုးရာသီတွင်သာ လျှပ်စစ်မြစ်ရေတင်ဖြင့်ရေသွင်းပြီး စပါးစိုက်ပျိုး၍ရရှိကြောင်း၊ ကျန်အခြားသီးနှံများ စိုက်ပျိုးမရ၍ အခက်အခဲဖြစ်ရကြောင်း ယခုကဲ့သို့ မြို့ပြဖော်ဆောင်ပြီးပါက ဒေသခံများအတွက် အကျိုးရှိနိုင်၍ သဘောတူရခြင်းဖြစ်ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။
Credit: The Voice