No Doubt အဖွဲ့ကို တည်ထောင်သူ ကမ္ဘာကျော် အမေရိကန်တေးသံရှင် ဂွင်းစတက်ဖနီသည် လော့စ်အိန်ဂျလိစံအိမ် ရောင်းမထွက် သောကြောင့် ဒေါ်လာ ၆ သန်းဈေးလျှော့ကာ အရောင်းဈေးကွက်ပြန်တင်လာကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ နာမည်ကျော် ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိသည်။
ခြံဝန်းအတွင်း အဆောက်အအုံများစွာ ပါဝင်ပြီး အရောင်းဈေးကွက်တင်ထားသည်မှာ တစ်နှစ်ကျော်ရှိခဲ့ပြီး ရောင်းမထွက်သောကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဈေးနှုန်းလျှော့ချလိုက်ခြင်းလည်း ဖြစ်သည်။
မစ္စက် စတက်ဖနီသည် ယခုအခါ အသက် ၄၈ နှစ်ရှိပြီဖြစ်ပြီး ယခုနေအိမ်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ ၃၅ သန်းဖြင့် စတင်ဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်။
“The Summit” အမည်ရှိ စံအိမ်ကြီး၏ ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၉ သန်းသို့ လျော့ကျသွားပြီ ဖြစ်သည်။
No Doubt ၏ ရှေ့ထွက်အဆိုတော်၊ တေးရေးဖြစ်ခဲ့သူ ဂွင်းစတက်ဖနီသည် ယခုစံအိမ်ကြီးကို ပိုင်ဆိုင်ထားသည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပြီဖြစ်ပြီး ခင်ပွန်းဟောင်း ရော့ခ်ဂီတသမား ဂါဗင် ရို့စ်ဒေးလ်နှင့်အတူ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁၃ ဒသမ ၂၅ သန်း ပေးခဲ့ရကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
အတွင်းပိုင်းကို ဒီဇိုင်နာ ကယ်လီ ဝယ်စတယ်လာအား ငှားရမ်းပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ဈေးကွက်တင်သွင်းလာသည်မှာ Westside Estate Agency ကုမ္ပဏီမှ အကျိုးဆောင် စတီဖင် ရှာပီရိုနှင့် Coldwell Banker Residential Brokerage မှ အကျိုးဆောင် ဂျိတ် မေးလ်စ်တို့မှတစ်ဆင့် တင်သွင်းလာခြင်း ဖြစ်သည်။
ပင်မနေအိမ်သည် နားနေခန်းကြီးတစ်ခုဆီသို့ ဆက်သွယ်ထားပြီး နားနေခန်းတွင် အဖြူနှင့်အမည်း စကျင်ကျောက်များကို စိတ္တဇဆန်ဆန် မွမ်းမံထားသည်။
ဧည့်ခန်းတွင်လည်း ကြမ်းပြင်မှ မျက်နှာကျက်ထိ မြင့်မားသည့် အမည်းရောင် စကျင်ကျောက်ပြားများ တပ်ဆင်ထားပြီး မီးလင်းဖိုတစ်ခုလည်း တွေ့ရသည်။
ရေချိုးခန်းနှင့် အဝတ်လဲခန်းတို့ကို ဆက်သွယ်ထားပြီး ရေချိုးခန်းတွင် အမည်းနှင့် ရွှေရောင်ကျောက်တုံးများဖြင့် မွမ်းမံထားသည်။
နေအိမ်အပြင် ခြံဝန်းအတွင်းတွင်ကား ရေကူးကန်၊ တင်းနစ်ကွင်းနှင့် outdoor အရက်ဘားတို့ ပါဝင်သည်။
ခြံဝန်းအတွင်းရှိ အခြားအဆောက်အအုံတစ်လုံးကိုမူ အားကစားလေ့ကျင့်ရေးခန်းမအဖြစ် အသု့းပြုထားသည်။
အိမ်ခြံမြေမှတ်တမ်းများအရ အဆိုပါနေအိမ်ကို ဂျနီဖာလိုပက်ဇ်လည်း ပိုင်ဆိုင်ခဲ့ဖူးပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့ဖူးသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)