ဘဏ်တစ်ခုကို ပိုင်ဆိုင်ရေးမှာ အလွန်ကြီးမားသည့် ကော်ပိုရိတ် ကုမ္ပဏီကြီးများအတွက်သာဖြစ်ပြီး ယခုအခါတွင်ကား အခြားသူများ ပိုင်ဆိုင်နိုင်သည့် အခွင့်အလမ်းလည်း ပေါ်ပေါက်လာပြီ ဖြစ်သည်။
သြစတေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်တွင် ဘဏ်တစ်ခုကို သြစတေးလျဒေါ်လာ ၅၀၀၀၀၀ အောက်နည်းပါးသော ဈေးနှုန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။
တည်နေရာမှာ သြစတေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်၊ ချဲလ်တန်မြို့၊ ကွန်းနက်စ်လမ်း၊ အမှတ် ၂၈-၃၀ တွင် တည်ရှိပြီး ၁၈၇၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ယခင်က သြစတေးလျဘဏ် (ANZ) အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ယင်းအဆောက်အအုံသည် ချဲလ်တန်မြို့ကလေး၏ အထင်ကရအဆောက်အအုံတစ်ခုဖြစ်ပြီး ယခုအခါ သြစတေးလျဒေါ်လာ ၄၅၉၀၀၀ (မြန်မာငွေ ၄၆၄၅ သိန်းကျော်) ဖြင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။
Indigo Real Estate ကုမ္ပဏီမှ ဂျေမီ ဟွန်း၏ ပြောကြားချက်အရ အဆိုပါအဆောက်အအုံကို ညအိပ်၊ မနက်စာနှင့် လဘက်ရည်သောက်နိုင်သည့် အခန်းများအဖြစ် အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဟု ဆိုသည်။
“ချဲလ်တန်ဟာ ဝိုင်ထွက်တဲ့မြို့ကြီး ရူသာဂလန်နဲ့ နီးနီးလေးဖြစ်သလို ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ကြတဲ့ နာမည်ကျော် Beechworth မြို့နဲ့လည်း နီးပါတယ်” “ချဲလ်တန်မြို့ ကိုယ်တိုင်မှာကလည်း သမိုင်းဝင် အဆောက်အအုံတွေ အများကြီးရှိပါတယ်။ ဒါတွေကို လေ့လာဖို့ လာရောက်ကြသူတွေ ရှိပါတယ်။ ဒီအဆောက်အအုံကို ဝယ်ယူမယ့်သူအနေနဲ့ ကမ္ဘာလှည့်ခရီးသွားဈေးကွက်ကိုပါ ဖမ်းဆုပ်နိုင်မှာဖြစ်ပြီး ညစာစားခန်းနဲ့ လဘက်ရည်ခန်းတွေကို အဆင့်မြှင့်ပေးခြင်းအားဖြင့် လူဝင်ပိုများလာနိုင်ပါတယ်” ဟု ဂျေမီဟွန်းက ပြောကြားသည်။
Wangaratta နှင့် Wodonga ကဲ့သို့ မြို့ကြီးများအကြားတွင် တည်ရှိသည့် ဘူတာရုံတစ်ခုလည်းရှိခြင်းကြောင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံကောင်းများလည်း ရှိနေသည်။
“ချဲလ်တန်ဟာ အခုဆိုရင် တော်တော်စည်ကားတဲ့နေရာဖြစ်လာနေပါပြီ။ မဲလ်ဘုန်းနဲ့ ဆစ်ဒနီလို မြို့ကြီးတွေကနေ ရွှေ့ပြောင်းအခြေချလာကြသူတွေ အများကြီးရှိလာတာကြောင့် ဒီဒေသအတွက် အားသစ်တွေ ဝင်လာတာဖြစ်သလို သူတို့ဆီကနေ အတွေးအခေါ်၊ အကြံဥာဏ်သစ်တွေလည်း ရနေပါတယ်” ဟု ဂျေမီဟွန်းက ဆက်လက်ပြောကြားသည်။
နောက်ဆုံးအသုံးပြုခဲ့သည်မှာ လဘက်ရည်ဆိုင်အဖြစ်ဖြစ်ပြီး The Old Chiltern Bank Teahouse and BnB အမည်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဝယ်လက်တို့အနေဖြင့် ဘဏ်ဟူသော ဝေါဟာရကို ပြန်လည်အသုံးပြုလိုပါက အထူးခွင့်ပြုချက်တစ်ရပ် ရယူရဖွယ်ရှိကြောင်းလည်း ဂျေမီဟွန်းက ဖြည့်စွက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)