ကိုရီးယားနိုင်ငံက မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးရှိ ညောင်နှစ်ပင်တွင် စက်မှုဇုန်တစ်ခု တည်ထောင်ရန် ကမ်းလှမ်းမှုများရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
“ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ခွင့်ပြုမိန့်တော့ လာမတင်သေးဘူး။ သူတို့က သူတို့ နိုင်ငံသားလုပ်ငန်းတွေကို ဒီစက်မှုဇုန်မှာလာပြီး ရင်းနှီးမြှုပ်နှံဖို့ အဓိကလုပ်မှာပါ။ မြေယာအတွက်ကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးက ချပေးရမှာပါ”ဟု ၎င်းကဆိုသည်။
စက်မှုဇုန်တည်ထောင်ခြင်းသည် ရင်းနှီးမြှုပ်နှံမှု ဦးစားပေးခြင်းတွင် ပါဝင်သည့်အတွက် မြေယာပြဿနာ ကင်းရှင်းခြင်း၊ တိုင်းအစိုးရ ခွင့်ပြုချက်ရခြင်းစသည့် အချက်အလက်များ ပြည့်စုံပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနှင့် ခွင့်ပြုမိန့်ကို အမြန်ဆုံး ထုတ်ပေးမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများကလည်း စက်မှုဇုန် တည်ထောင်ရန် ကမ်းလှမ်းမှုများရှိကြောင်း ဦးအောင်နိုင်ဦးက ပြောဆိုသည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် ဂျပန်က ဦးဆောင်ပုံဖော်သကဲ့သို့ နောက်ပိုင်း တည်ထောင်မည့် စက်မှုဇုန်များတွင်လည်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များက ဦးဆောင်ရမည်ဖြစ်ပြီး ရေ၊ မီး ရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးစသည်တို့ကို ပြေလည်အောင်ဆောင် ရွက်နိုင်မည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
လက်ရှိအစိုးရသက်တမ်း ၂ နှစ်ကျော် လာပြီဖြစ်သော်လည်း ဖော်ဆောင်ပြီးသား စက်မှုဇုန်များအတွင်းရှိ မြေများကို ပြန်လည်စိစစ်ပြီး သိမ်းယူမှုများ မရှိခြင်း၊ မြေယာနှင့်ပတ်သက်သည့် မူဝါဒများကို ကောင်းမွန်စွာ မချမှတ်နိုင်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ပါက မြေ ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း စက်မှုကုန်ထုတ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“စက်မှုဇုန်ထောင်တိုင်း ရင်းနှီးမြှုပ်နှံမှုက ဝင်တာမဟုတ်ဘူး။ အဓိက က ကုန်ကျစရိတ် သက်သာမှဝင်တာ။ ဒီမှာ စက်ရုံတစ်ရုံထောင်ရင် သိန်းတစ်သောင်းလောက် ရင်းနှီးရတယ်။ ဗီယက်နမ်တို့ဆိုရင် သိန်းသုံးထောင်လောက်ရှိတော့ စက်ရုံဝင်ဖို့ဆိုတာ သူများနိုင်ငံတွေထက်စာရင် မလွယ်တဲ့ အနေအထား ဖြစ်နေတယ်”ဟု ၎င်းကရှင်းပြသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကြီးစား စက်မှုဇုန်ပေါင်း ၁၉ ခုခန့်ရှိပြီး အထူးစီးပွားရေးဇုန်သုံးခုရှိကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။
Credit: The Voice