ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အတွက် ရန်ကုန်မြို့ သစ်စီမံကိန်းကိုပြုလုပ်လျက်ရှိရာ လက်ရှိအချိန်တွင် မြို့ဟောင်းနှင့်မြို့သစ် ဆက်သွယ် နိုင်ရန် မြစ်ကူးတံတားများ ထည့်သွင်း တည် ဆောက်နိုင်ရေးလေ့လာဆန်း စစ်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ကြည့်မြင်တိုင် မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တွံတေး မြို့နယ်များအတွင်း မြို့သစ်စီမံကိန်းအတွက် လယ်မြေဧက ၁၈၃၉၀တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။မြို့သစ်တည်ဆောက်ခြင်းလုပ်ငန်းများကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့ ဟောင်းနှင့် ဆက်သွယ် နိုင်ရန် မြစ်ကူးတံတားများ ထည့်သွင်း တည် ဆောက်နိုင်ရန် လေ့လာဆန်း စစ်မှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့တော်အား အစိမ်းရောင် မြို့တော်အဖြစ် နေချင်စဖွယ်ဖြစ်စေရန် ပြောင်းလဲဆောင်ရွက်လျက်ရှိရာ JICA နှင့် လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
“ ရန်ကုန်ရဲ့ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ ပြင်ဆင် ပါတယ်။ ရန်ကုန်မြို့ ဟောင်းကို စနစ်တကျ မြို့ပြအမွေအနှစ်တွေနဲ့ ထားခဲ့ပြီး ဥယျာဉ် မြို့တော် တည်ဆောက်လာမယ်ဆိုရင် အစိမ်းရောင်မြို့တော် ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စက်မှုဇုန်တွေကလည်း အစိမ်းရောင် စီးပွားရေးပုံစံ ပြောင်းလဲပြီး ရန်ကုန်ကို စီးပွားရေးမြို့တော်အဖြစ် ပြောင်းလဲကာ နေချင်စဖွယ်ဖြစ်အောင် JICA နဲ့ ပူးပေါင်းပြီး Master Plan လုပ်နေပါတယ်။ KOICA နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာ လည်း ရှိပါတယ်။ တခြားသော ကူညီပေး မယ့် နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေ တာလည်း ရှိပါတယ် '”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကပြည်သူအတွက် ဒုတိယတစ်နှစ်တာအစီအစဉ်တွင် ပြောကြားထားသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com