ဘီယွန်းစေးနှင့် ဂျေးဇက်တို့ စုံတွဲသည် ကမ္ဘာလှည့်ဖျော်ဖြေပွဲများအတွက် ခရီးမထွက်မီ ဒေါ်လာ ၈၈ သန်းတန် စံအိမ်ကြီး ဖောက်ထွင်းမခံရရန် လုံခြုံရေးအဆင့်မြှင့်တင်လျက်ရှိကြောင်း အမေရိကအခြေစိုက် အိမ်ခြံမြေဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မကြာသေးမီနှစ်များအတွင်း ကမ္ဘာကျော်တို့၏ နေအိမ်ဖောက်ထွင်းခံရမှုများ မကြာခဏပေါ်ပေါက်ခဲ့ရာ ကင်ဒဲလ် ဂျင်းနာ၊ အလဲနစ် မောရစ်ဆက်နှင့် နစ်ကီ မီနက်ဂ်ျတို့၏ နေအိမ်များလည်း ပါဝင်သည်။
ဘီယွန်းစေးနှင့် ဂျေးဇက်တို့ စုံတွဲကမူ အဆိုပါအတွေ့အကြုံမျိုး ရရှိလိုဟန်မရှိချေ။
ဘီယွန်းစေးတို့ စုံတွဲက ပြီးခဲ့သည့်နွေတွင် လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၈၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်ကုန်ပိုင်းတွင် ဇနီးမောင်နှံ ၂ ဦးလုံး ကမ္ဘာလှည့်ဖျော်ဖြေပွဲများအတွက် ကမ္ဘာတစ်ဝန်းခရီးထွက်ရမည်ဖြစ်ရာ ဖျော်ဖြေပွဲမတိုင်မီတွင် နေအိမ်ကို လုံခြုံမှုအဆင့်မြှင့်တင်ရန် စီစဉ်လာခြင်း ဖြစ်သည်။
ခြံဝန်းအတွင်းတွင် လုံခြုံရေးဝန်ထမ်းများ ခန့်ထားသွားမည်ဖြစ်ပြီး ယခုအခါ ဝန်ထမ်းများ နေထိုင်ရန် တန်းလျားများ ဆောက်လုပ်ရေးအတွက် လျှောက်လွှာတင်သွင်းထားပြီးဖြစ်သည်ဟု ဆိုသည်။
ခြံဝန်းအတွင်းရှိ နှစ်ထပ်အိမ်၊ ခြံဝန်းရှေ့ကို မျက်နှာမူသည့် ကား ၂ စင်းဆန့် ကားဂိုဒေါင်နှင့် ခြံဝန်းနောက်ဘက်လမ်းမကို မျက်နှာမူထားသည့် ကား ၁၀ စင်းဆန့် ကားဂိုဒေါင်တို့နှင့် တွဲလျက် လုံခြုံရေး
ဝန်ထမ်းခန်းများ ဆောက်လုပ်သွားမည် ဖြစ်သည်။
အဆိုပါ လုံခြုံရေးတို့က ၂ ဧကကျယ်ဝန်းသည့် ခြံဝန်းကြီးကို ၂၄ နာရီ စောင့်ကြပ်သွားမည်ဖြစ်သည်။
သာမာန်လူတစ်ဦးအတွက်မူ မိမိနေအိမ်သို့ သူစိမ်းတစ်ဦးရောက်လာကာ လူခေါ်ခေါင်းလောင်းတီးသည့် ကိစ္စမှာ ဖြစ်ရိုးဖြစ်စဉ် သာမာန်ကိစ္စသာ ဖြစ်သည်။
အိမ်သို့လာမည့်သူများမှာ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များသာဖြစ်နိုင်ပြီး စာပို့သမားက ပါဆယ်ထုတ်လာပို့ခြင်းမျိုးလည်း ဖြစ်နိုင်သည်။
သို့ရာတွင် နာမည်ကျော် အကျော်အမော်တို့အတွက်မူ ၎င်းတို့ကို ရူးသွပ်ကြသည့် ပရိသတ်များ၊ ဖောက်ထွင်းသမားများ၏ နှောင့်ယှက်မှုဒဏ်ခံရနိုင်လေ့ရှိကြောင်း နာမည်ကျော်တို့ကို လုံခြုံရေးအကာအကွယ်ပေးသည့် လုပ်ငန်းလုပ်ဆောင်လျက်ရှိသော ချီကာဂိုအခြေစိုက် Hillard Heintze ကုမ္ပဏီမှ ဒုတိယဥက္ကဌ မိုက်ခ်ဝှိုက်က ပြောကြားသည်။
လက်ရှိအားဖြင့် ခြံဝန်းအတွင်း အဆောက်အအုံ ၆ လုံးရှိသည်။
လာမည့်နွေတွင် On the Run 2 အမည်ဖြင့် ကမ္ဘာလှည့်တေးဂီတဖျော်ဖြေပွဲ ခရီးထွက်ရန် စီစဉ်ထားသည်။
ဗြိတိန်တွင် ဇွန်လ ၆ ရက်၌ စတင်မည်ဖြစ်ပြီး အောက်တိုဘာလ ၄ ရက်တွင် အမေရိကန်ပြည်၊ ဆီယက်တဲလ်တွင် အဆုံးသတ်ဖျော်ဖြေပွဲ ကျင်းပမည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)