အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ဟတ်ဆန်မြစ်အတွင်းတွင် ရေပေါ်ပန်းဥယျာဉ်ကြီး ဆောက်လုပ်ရေးစီမံကိန်းမှာ ရပ်ဆိုင်းထားရရာမှ ယခုအခါ လုပ်ငန်းများပြန်လည်စတင်လျက်ရှိပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ပန်းခြံဆောက်လုပ်ရေးစီမံကိန်းနေရာကို Pier 55 နှင့် Diller Island ဟု လူသိများကြပြီး မကြာသေးမီက ရိုက်ကူးထားခဲ့သည့် ဓာတ်ပုံများအရ ကမ်းခြေမှ ဟတ်ဆန်မြစ်အတွင်း ပန်းခြံရှိမည့်နေရာသို့ လူလျှောက်လမ်း ၂ ခုဖောက်လုပ်နေသည်ကို တွေ့ရသည်။
Pier 55 စီမံကိန်းကို ကမကထပြု အကောင်အထည်ဖော်ခဲ့သူမှာ မီဒီယာလုပ်ငန်းရှင် ဘီလျံနာသူဌေးကြီး ဘာရီ ဒီလာဖြစ်ပြီး Fox ရုပ်သံလွှင့်ဌာနနှင့် USA Broadcasting တို့ကို တည်ထောင်ခဲ့သူဖြစ်သည်။
Pier 55 စီမံကိန်းကို ဘာရီဒီလာ အကောင်အထည်ဖော်ရာတွင် သူဌေးကြီး ဒေါက်ဂလပ် ဒပ်စ်နှင့် မြို့ တော်ဝန် အင်ဒရူး ကောက်မိုတို့က ကျောထောက်နောက်ခံပြုပေးခဲ့သည်။
ဘာရီဒီလာနှင့် ဒေါက်ဂလပ် ဒပ်စ်တို့မှာ ယခုအခါတွင်မူ ရန်သူတော်ကြီးများ ဖြစ်နေကြပြီ ဖြစ်သည်။
ဘာရီဒီလာက ယခုပန်းခြံစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်ပြီး သောမတ်စ် ဟီသာဝစ်ခ်အား ဒီဇိုင်းရေးဆွဲရန် အပ်နှံခဲ့သည်။
Pier 55 ကို အနိမ့်အမြင့် အဆင့်ဆင့်ပါသော ပန်းဥယျာဉ်အဖြစ် ဆောက်လုပ်ရန် ရည်ရွယ်ခဲ့သည်။
လွန်ခဲ့သည့် ၄ နှစ်ခန့်က ယခုစီမံကိန်းအတွက် ကန်ဒေါ်လာ သန်း ၁၃၀ ခန့် ကုန်ကျမည်ဟု ရည်မှန်းခဲ့သော်လည်း ယနေ့အခါတွင်မူ စီမံကိန်းအတွက် ကုန်ကျမည့်စရိတ်ပိုမိုမြင့်တက်သွားပြီး ကန်ဒေါ်လာ သန်း ၂၅၀ ခန့်အထိ ကုန်ကျတော့မည်ဟု ဆိုသည်။
City Club of New York က developer ဒေါက်ဂလပ် ဒပ်စ်၏ ကျောထောက်နောက်ခံပြုမှုဖြင့် ဘာရီဒီလာ၏ စီမံကိန်းသည် သဘာဝပတ်ဝန်းကျင်ထိခိုက်စေမည်ဖြစ်ကြောင်း တရားစွဲဆိုခဲ့ရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် စီမံကိန်းရပ်ဆိုင်းလိုက်ရသည်။
သို့ရာတွင် နှစ်လအကြာ၌ မြို့ တော်ဝန် အင်ဒရူးကောက်မို၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စီမံကိန်းပြန်လည်စတင်နိုင်ခဲ့ပြန်သည်။
အင်ဒရူးကောက်မိုက ယခုစီမံကိန်းအတွက် ကန်ဒေါ်လာ သန်း ၅၀ ချထားပေးရန် ကတိပြုလိုက်ပြီး စီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံကြရန် နယူးယောက်မြို့သားများကိုလည်း တိုက်တွန်းလိုက်သည်။
ရေပေါ်ပန်းဥယျာဉ်၏ အကျယ်အဝန်းမှာ ၂ ဒသမ ၇ ဧက ရှိမည်ဖြစ်ပြီး ၁၉၁၂ ခုနှစ်၊ ဧပြီလတွင် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း နစ်မြုပ်သွားခဲ့သည့် တိုက်တန်းနစ်သင်္ဘောကြီးမှ အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ကမ်းတက်စေခဲ့သည့်နေရာလည်း ဖြစ်သည်။
ပန်းခြံဒီဇိုင်းကို လန်ဒန်ရှိ ဟီသာဝစ်ခ် စတူဒီယိုမှ ဒီဇိုင်းဆွဲပေးခဲ့ပြီး ကပွဲနေရာ၊ ကဇာတ်နေရာ၊ အများပြည်သူဆိုင်ရာ အနုပညာပြပွဲနှင့် အခြားပွဲလမ်းများကျင်းပသည့်နေရာ ဖြစ်လာစေရန် ရည်ရွယ်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)