အွန်လိုင်းမှ တိုက်ရိုက်အရောင်းအဝယ်လုပ်နိုင်မည့် ရွှေအိတ်ချိန်းခွင့်ပြုမိန့်ကို လာမည့်လအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများထံ တင်နိုင်ရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
အဆိုပါ ရွှေအိတ်ချိန်း လုပ်ထုံးလုပ်နည်းများအတွက် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးရှိ ရွှေလုပ်ငန်းရှင်များမှာ ညှိနှိုင်းလျက်ရှိပြီး ဆော့ဖ်ဝဲရေးဆွဲမှုမှာလည်း ပြီးစီးလုနီးပါးရှိပြီဖြစ်ကြောင်း၊ ဆော့ဖ်ဝဲပြီးစီးပါက ရွှေအရောင်းအဝယ် လုပ်ကိုင်နေသူများအားလုံးကို ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အဓိကကတော့ စီးပွား/ကူးသန်းကို တင်ရမှာပေါ့။ တခြားသက်ဆိုင်တဲ့ဌာနတွေကိုလည်း တင်သွားမှာပါ။ ဒီနှစ်ထဲမှာ ရွှေအိတ်ချိန်းကို စတင်ဖို့လျာထားတယ်။ ရွှေဗဟိုဈေးကွက် ဖော်ဆောင်ဖို့ကတော့ ညှိနေတုန်း၊ ဆွေးနွေးနေတုန်းပဲ။ အဖြေအတည်အကျ မထွက်လာသေးဘူး”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ ရွှေဈေးကွက်အရောင်းအဝယ် အနေအထားမှာ လယ်ဂျာစာအုပ်များနှင့် ဆောင်ရွက်နေရသောကြောင့် ဈေးနှုန်းအတက်အကျ ဖြစ်သည့်အခါ စာရင်းရှင်းခါနီးတွင် ကုန်သည်အချင်းချင်း ငြင်းခုံရခြင်းများရှိကြောင်း၊ ဆော့ဖ်ဝဲဖြင့်ရောင်းဝယ်ပါက ဈေးနှုန်းနှင့်အချိန်မှာ အတိအကျဖြစ်သည့်အတွက် ပြဿနာများ လျော့နည်းနိုင်ကြောင်း ၎င်းက ဆိုသည်။
ပြည်တွင်းရွှေဈေးသည် နိုင်ငံတကာဈေးနှုန်းကိုလိုက်၍ တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ်နီးပါး ဈေးအတက်အကျ ဖြစ်နေသည့်အတွက် အရောင်းအဝယ် လုပ်သည့်အချိန်တွင် ဖြစ်ပေါ်နေသည့် ဈေးကို အတည်တကျယူသင့်ပြီး အိတ်ချိန်းပေါ်ပေါက်လာပါက ရှယ်ယာများ အရောင်းအဝယ်လုပ်သကဲ့သို့ ရွှေဈေးကွက်မှာ မြန်ဆန်လာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောဆိုကြသည်။
“တချို့ကျတော့ ညနေ သူတို့ငွေပေးတဲ့အချိန် ဈေးတက်ရင် နေ့လယ်က ပြောထားတဲ့ဈေးကိုပဲ ပေးချင်တာ။ ဈေးကျသွားရင် ကျဈေးကို လိုက်ကြည့်နေတော့ တရားရုံးတွေအထိ ရောက်ကုန်တာ။ ဒီဟာတွေက ကုန်သည်တွေကြားမှာ ခဏခဏဖြစ်လာတော့ ဈေးကိုတရားဝင်နှုန်းတစ်ခုဖြစ်ဖို့ လိုလာတယ်”ဟု ရွှေကုန်သည် ဦးအောင်မြင့်က ပြောကြားသည်။
အိမ်နီးချင်းနိုင်ငံများတွင်လည်း အဆိုပါ Gold Exchange ကဲ့သို့ နည်းပညာရှိသည့်အတွက် ရွှေဈေးအတက်အကျအလိုက် ရောင်းနိုင်ဝယ်နိုင်သောကြောင့် ကုန်သည်များနှင့် ရွှေစုသူများမှာ ယခင်ထက် အဆင်ပြေလျက်ရှိကြောင်း ၎င်းက ဆိုသည်။
Credit: The Voice