ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး Police ၏ ရှေ့ထွက်အဆိုတော်၊ ဘေ့စ်ဂစ်တာသမားဟောင်း Sting က နယူးယောက်ရှိ Penthouse ခန်းကို ကန်ဒေါ်လာ သန်း ၅၀ ဖြင့် အရောင်းတည့်သွားပြီ ဖြစ်သည်။
နယူးယောက်မြို့ ၊ မန်ဟက်တန်အရပ် ၊ Central Park West အမှတ် ၁၅ အဆောက်အအုံကို Sting က ကန်ဒေါ်လာ ၅၆ သန်း ဈေးခေါ်ထားခဲ့ခြင်း ဖြစ်သည်။
Sting နှင့် ဇနီးဖြစ်သူ ထရူဒီ တိုင်လာတို့က မူလခေါ်ဈေးအောက် ၆ သန်းလျှော့ချပေးကာ ကန်ဒေါ်လာ သန်း ၅၀ ဖြင့် အရောင်းအဝယ် ဖြစ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
အသက် ၆၆ နှစ်ရှိပြီဖြစ်သော အင်္ဂလိပ်ဂီတသမား Sting က ယခု duplex ခန်းကို ၂၀၀၈ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ကန်ဒေါ်လာ ၂၆ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကာ ဝယ်ယူခဲ့စဉ်က နာမည်ရင်း “ဂေါ်ဒွန် ဆမ်းနား” အမည်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်၊ မေလတွင် အရောင်းဈေးကွက်တင်သွင်းခဲ့ရာ၌ ကန်ဒေါ်လာ ၅၆ သန်း ဈေးခေါ်ခဲ့သည်။
ဝယ်လက်၏ အမည်ကို တရားဝင်ထုတ်ဖော်ကြေညာခြင်းမပြုဘဲ ဝယ်လက်မှာ ကုမ္ပဏီတစ်ခုအမည်ခံဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
ယခုရောင်းထွက်သွားသော ဈေးနှုန်းအရ Sting အတွက် ကန်ဒေါ်လာ ၂၃ ဒသမ ၁ သန်း မြတ်စွန်းခဲ့သည်ကို တွေ့ရသည်။
နယူးယောက်၏ နာမည်ကျော် Central Park ကို အပေါ်စီးမှ တွေ့မြင်နေရပြီး အိပ်ခန်း ၄ ခန်း၊ စားဖိုမှူးအဆင့်ကိုင်တွယ်နိုင်သည့် မီးဖိုဆောင်၊ စာကြည့်တိုက်တစ်ခု၊ လသာဆောင်တစ်ခု၊ အဝတ်လဲခန်းပါဝင်သော master bedroom တစ်ခန်းတို့ ပါဝင်သည်။
Corcoran ကုမ္ပဏီမှ အိမ်ခြံမြေအကျိုးဆောင် ဒီဘိုရာ ကန်းက ဈေးကွက်တင်ပေးခဲ့ခြင်း ဖြစ်သည်။
နေအိမ်ခန်းတည်ရှိရာ အဆောက်အအုံကြီးကို ဒီဇိုင်နာ လီ အက်ဖ်-မင်ဒယ်လ်က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး Sting ၏ အခန်းမှာ ၁၆ ထပ်နှင့် ၁၇ ထပ်မြောက်တို့တွင် ဖြန့်ကျက်တည်ရှိသည်။
Sting က မူလနေအိမ်ခန်းတွင် ကြောင်လိမ်လှေကားတစ်ခု ထပ်မံတပ်ဆင်လိုက်ပြီး နေအိမ်ခန်း၏ စုစုပေါင်းအကျယ်အဝန်းမှာ ၅၄၁၇ စတုရန်းပေရှိသည်။
ယခုအရောင်းအဝယ်မှာ ပြီးခဲ့သည့် ၁၂ လတာကာလအတွင်း ဒေသတွင်းတစ်ခွင်တွင် တန်ဖိုးအကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်ဖြစ်သည်ဟု StreetEasy က ထုတ်ပြန်သည့်အချက်အလက်များတွင် ဖော်ပြသည်။
Sting ၏ အမည်ရင်းမှာ ဂေါ်ဒွန် မက်သူး သောမတ်စ် ဆမ်းနားဖြစ်ပြီး ၁၉၅၁ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင် မွေးဖွားကာ အနုပညာအမည် Sting ဟုသာ လူသိများသည်။
အင်္ဂလိပ်လူမျိုးဖြစ်ပြီး ဂီတပညာရှင်၊ အဆိုတော်၊ တေးရေး၊ သရုပ်ဆောင်အဖြစ် ဘဝဖြတ်သန်းခဲ့သည်။
New wave ရော့ခ်ဂီတဝိုင်းကြီးဖြစ်သော Police တွင် ရှေ့ထွက်အဆိုတော်၊ တေးရေး၊ ဘေ့စ်ဂစ်တာသမားအဖြစ် ၁၉၇၇ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ပါဝင်ခဲ့ပြီး ၁၉၈၅ မှစတင်ကာ တစ်ကိုယ်တော်ရပ်တည်ခဲ့သည်။
ဂရမ်မီဆု ၁၆ ကြိမ်၊ Brit Awards ၃ ကြိမ်၊ ရွှေကမ္ဘာလုံးဆု တစ်ကြိမ်၊ အင်မီဆု တစ်ကြိမ်နှင့် Best Original Song အော်စကာဆု ဇကာတင်စာရင်းဝင်မှု ၄ ကြိမ် ရရှိခဲ့သည်။
Police အဖွဲ့ကြီးနှင့်အတူ Sting သည် ကမ္ဘာပေါ်တွင် အရောင်းရဆုံး ဂီတအနုပညာရှင်များတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
တစ်ကိုယ်တော် ရပ်တည်မှုနှင့် Police အဖွဲ့ကြီးတွင် ရှိစဉ်ကာလများ အားလုံးပေါင်းစုလျှင် စုစုပေါင်းတေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချထားရပြီး ဖြစ်သည်။
၂၀ ရာစု အကြီးမြတ်ဆုံး ဂီတကြယ်ပွင့် ၁၀၀ စာရင်းများတွင် မကြာခဏဖော်ပြခံရသည်။
အခြားအနုပညာရှင်များနှင့်လည်း ပူးတွဲသီဆိုမှုများပြုလုပ်ခဲ့ရာတွင် Dire Straits နှင့် "Money for Nothing" ၊ Bryan Adams, Rod Stewart တို့နှင့် "All for Love" သီချင်းများ သီဆိုခဲ့ဖူးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)