ဟောင်ကောင်၏ အချမ်းသာဆုံးအိမ်ခြံမြေသူဌေးကြီး လီကာရှင်းသည် စီးပွားရေးလောကမှ အနားယူကြောင်း ကြေညာအပြီး ရက်သတ္တ ၃ ပတ်အကြာတွင် ၎င်း၏ကုမ္ပဏီဖြစ်သော CK Asset Holdings မှ ရှယ်ယာအစုပေါင်း ၉ သန်းကျော်ကို ပြန်လည်ဝယ်ယူလျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရှယ်ယာအစုပေါင်း ၉ ဒသမ ၂၁ သန်းကို ဟောင်ကောင်ဒေါ်လာ သန်း ၆၁၀ ခန့်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ရှယ်ယာတစ်စုလျှင် ဟောင်ကောင်ဒေါ်လာ ၆၀ မှ ၇၀ ကြားပေးခဲ့ရသည်ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁၆ ရက်တွင် စီးပွားရေးလောကမှ အနားယူကြောင်း ကြေညာချက်ထုတ်ပြန်အပြီး ရက်သတ္တ ၃ ပတ်အကြာ ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်မှ ၁၃ ရက်အကြားဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကုမ္ပဏီ၏ ပိုင်ဆိုင်မှု ၃၁ ဒသမ ၆၇ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
လီကာရှင်းက သူ၏ရှယ်ယာအမြတ်များကို ကုမ္ပဏီတွင်သာ ပြန်လည်ထည့်သွင်းသွားလိုသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း CK Asset က ရှယ်ယာတစ်စုလျှင် အမြတ်ငွေ ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၇ ခွဲဝေပေးရန် ဆုံးဖြတ်လိုက်သောကြောင့် လီကာရှင်းမှာ ဟောင်ကောင်ဒေါ်လာ ၂ ဘီလီယံခန့် ရှယ်ယာအမြတ်ငွေ ရရှိခဲ့သည်။
လီကာရှင်းက သူ၏ ရှယ်ယာပမာဏမြှင့်တင်လာလျက်ရှိသည့်နည်းတူ CK Asset ကလည်း လွန်ခဲ့သည့် ၁၅ လတာကာလအတွင်း ဟောင်ကောင်ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ ကုမ္ပဏီရှယ်ယာများကို ပြန်လည်ဝယ်ယူလျက်ရှိသည်။
လီကာရှင်း စီးပွားရေးလောကမှ အနားယူကြောင်း ကြေညာလိုက်ပြီးနောက် ရှယ်ယာဈေးကွက်အခြေအနေ ယိမ်းယိုင်ခဲ့သည်။
မတ်လ ၁၆ ရက် လီကာရှင်း၏ ကြေညာချက်ထွက်ပေါ်ပြီးနောက် CK Asset ၏ ရှယ်ယာဈေးနှုန်းမှာ ၅ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
လီကာရှင်း၏ ကြေညာချက်ကြောင့် ပြိုင်ဖက်ကုမ္ပဏီများလည်း အထိနာခဲ့ကာ Sun Hung Kai Properties နှင့် Henderson Land တို့၏ ရှယ်ယာဈေးနှုန်းများလည်း ကျဆင်းသွားခဲ့ရသည်။
ဟောင်ကောင်သည် အမေရိကန်ပြည်ထောင်စုနှင့် ရှယ်ယာနှုန်းထား ချိတ်ဆက်မှုများရှိသော်လည်း အမေရိကန်ပြည်ထောင်စု၏ လမ်းကြောင်းသို့ မလိုက်ခဲ့သည်မှာ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်သည်။
ဟောင်ကောင် developer တို့က ၎င်းတို့၏ ရှယ်ယာဈေးကို မိမိဘာသာမြှင့်တင်လိုကြသည်။
သာဓကအားဖြင့် Wheelock ဥက္ကဌ ပီတာဝူးက ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးကို ပြီးခဲ့သော ဒီဇင်ဘာလတွင် မြှင့်တင်ခဲ့သည်။
Henderson Land ဥက္ကဌ လီရှောက်ကီသည်လည်း သူ၏ကိုယ်ပိုင်ကုမ္ပဏီမှ ရှယ်ယာများကို အမြောက်အမြား ဝယ်ယူလျက်ရှိသူ တစ်ဦးဖြစ်ပြီး ယခုအခါ ရှယ်ယာ ၇၅ ရာခိုင်နှုန်းနီးပါး ဝယ်ယူထားနိုင်ပြီ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)