လူသားတွေဟာ ဂူတွေထဲမှာ မနေထိုင်တော့ဘဲ ရှင်သန်လာကြပေမဲ့ ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းရှိ အိမ်တစ်အိမ်ကတော့ ကျောက်ခေတ်ကို
ပြန်လည်အောက်မေ့လို့ ခေတ်သစ်ဟန်အနည်းငယ်နဲ့ ပေါင်းစပ်ဖန်တီးတည်ဆောက်ခံထားရတာကို တွေ့ရပါတယ်။
ဗီယက်နမ်ဗိသုကာကုမ္ပဏီ H&P Architects က အမှတ်တစ်ခုကို ဗဟိုပြုထားပြီးအပေါက်တွေဖော်ထားတဲ့ အုတ်နံရံတွေနဲ့ နှစ်ထပ် ပြုလုပ်တည်ဆောက်ထားတဲ့၊ ၁၉၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့၊ သုံးထပ်အိမ်လေးဖြစ်တဲ့ Brick Cave ကို ဖန်တီးတည်ဆောက်လိုက်ပြီဖြစ်ပါတယ်။
ဆင်ခြေဖုံးအရပ် Dong Anh မှာ တည်ဆောက်ထားတဲ့ အဲ့ဒီဂူအိမ်မှာ အပေါက်ဖော်ထားတဲ့နံရံတွေကြောင့် အလင်းဝင်ပေါက်တွေ ဟိုဟိုဒီဒီရှိနေပြီး
အိမ်ထဲမှာမီးထွန်းလိုက်တဲ့အခါမှာလည်း အပြင်ဘက်ကို အလင်းတွေ ပေါက်ထွက်နေပုံမှာ တစ်မျိုးလေးအမြင်ဆန်းစေပါတယ်။
နှစ်ထပ်နံရံအလွှာတွေက ဖုန်နဲ့ဆူညံသံတွေကို စစ်ထုတ်ပေးပြီး စူးရှပြင်းထန်တဲ့ နေရောင်ခြည် ဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ အပြင်ဘက်နံရံက ထောင့်တစ်ခုနဲ့ စောင်းနေပြီး နေထိုင်သူတွေကို ကောင်းမွန်တဲ့မြင်ကွင်းတွေ မြင်ရစေကာ ဂူတစ်ခုထဲ နေထိုင်ရသလို လုံခြုံတဲ့ ခံစားမှုကိုလည်း ပေးစွမ်းပါတယ်။
အိမ်ရှိ သုံးထပ်စလုံးရဲ့ နံရံပတ်ပတ်လည်မှာ အလှသစ်ပင်ပန်းမန်တွေ စိုက်ပျိုးချိတ်ဆွဲထားသလို ခေါင်မိုးထပ်လေဟာပြင်မှာ ဟင်းရွက်သစ်သီးဝလံဥယျာဉ်ငယ်လေးကိုလည်း ဖန်တီးထားတာကြောင့် Brick Cave ဟာ သဘာဝအလှအပတွေနဲ့ ဆန်းသစ်လှပလို့ နေပါတယ်။
Brick Cave စီမံကိန်းကို ယခုနှစ်ဆန်းပိုင်းက ပြီးစီးခဲ့တာဖြစ်ပြီး ဗီယက်နမ်ကျေးလက်ဒေသရဲ့ သမားရိုးကျပန်းရန်ပညာကို ဂုဏ်ပြုမှုတစ်ရပ်လည်း
ဖြစ်ကြောင်း သိရှိရပါတယ်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com