ရန်ကုန်တိုင်းအစိုးရ ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း ၁,၀၀၀ ကျော်ကို မေလ အတွင်း အမြန်ဆုံးရောင်းချနိုင်ရန် စီစဉ်နေကြောင်း ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီဝင် ဦးညီ ညီက ပြောကြားသည်။
ယင်းတန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားမှုနှင့် ပတ်သက်၍ မည်သူ့ကို ရောင်းချမည်ဆိုသည်ကို ကော်မတီအစည်းအဝေး ခေါ်ယူကာ မေလအတွင်း အပြီးစိစစ်မည်ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းအစိုးရ ရောင်းချမည့် အိမ်ရာများသည် ဒဂုံမြို့ သစ်တောင်ပိုင်းရှိ အင်းဝ၊ ကောင်းစံသာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း (၁)၊ (၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်း၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ Shop House များနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေ ပေါက်ကံအိမ်ရာတို့ဖြစ်သည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့ နယ်ရှိ အိမ်ရာများကို အခြေခံ ပြည်သူများ ဝယ်ယူနိုင်ရန် တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် အခြားမြို့နယ်များတွင် တန်ဖိုးသင့်အိမ်ရာအနေဖြင့် တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ကျော်မှ ကျပ်သိန်း ၆၀၀ အထိ ဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ် သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်မှ ၃၀ ရက်အထိ တန်ဖိုးနည်း အိမ်ရာ လျှောက်လွှာများ ရောင်း ချရာ လျှောက်ထားသူ နှစ်သောင်း ခန့် ရှိမည်ဟု ခန့်မှန်းထားသော် လည်း လက်ရှိတွင် ခရိုင်အလိုက် စာရင်းများအရ လျှောက်ထားသူ တစ်သောင်းခန့်သာ ရှိကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးညီညီက ပြောသည်။
‘‘လျှောက်လွှာတွေရဲ့ အချက်အလက်တွေကို ကွန်ပျူတာ မှာ ထည့်သွင်းမယ်။ ပြီးရင် ဘယ် သူကတော့ အချက်အလက်တွေ နဲ့ ပြည့်စုံတယ်၊ မပြည့်စုံဘူးဆို တာ ပြန်လည်စိစစ်မယ်။ အစည်း အဝေး ဆုံးဖြတ်ချက်တွေနဲ့ ဆောင်ရွက်သွားမှာပါ။ ငါးလပိုင်းမှာ အပြီးစိစစ်နိုင်အောင် လုပ်သွားမှာ ပါ။ အလွန်ဆုံးနောက်ကျလှ ခြောက်လပိုင်းအထိပါပဲ’’ဟု ၎င်း ကဆိုသည်။
အဆိုပါ လျှောက်လွှာများ တွင် အများပြည်သူ၊ ဝန်ထမ်း၊ အငြိမ်းစားနှင့် ကုမ္ပဏီဝန်ထမ်းဟူ၍ လျှောက်လွှာပုံစံအမျိုးအစား လေးမျိုးခွဲခြားထားသည်။ လျှောက်ထားသူများ အနေဖြင့် အိမ် (သို့မဟုတ်) မြေပိုင်ဆိုင်မှုမရှိ ကြောင်း လက်ရှိနေထိုင်သည့် မြို့ နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ထောက်ခံချက်ပါရှိရမည်ဟု အိမ်ရာဝယ်ယူခွင့် လျှောက်လွှာများတွင် ဖော်ပြထား သည်။
‘‘စိစစ်ပြီးတဲ့အထဲကမှ မိသားစုများတဲ့သူတွေနဲ့ မိသားစု နည်းတဲ့သူတွေကို ပြန်ချိန်မယ်။ အချက်အလက်တွေကို စိစစ်ပြီး လျှောက်လွှာတွေကိုတော့ များ နေသေးရင် ကော်မတီဝင်တွေ အားလုံးရှေ့ မဲနှိုက်သင့်နှိုက်ရပါ မယ်’’ ဟု ဦးညီညီကရှင်းပြသည်။
တိုင်းအစိုးရအဖွဲ့က ရောင်းချမည့် အိမ်ရာများ ဝယ်ယူလိုသူ များအနေဖြင့် အသက်(၂၃)နှစ် ပြည့်ပြီးသည့် မြန်မာနိုင်ငံသားဖြစ် ရမည်ဖြစ်ပြီး အိမ်ထောင်စုတစ်ခု တွင် တစ်ဦးသာ လျှောက်ထားခွင့် ရှိကြောင်း ဖော်ပြထားသည်။
အိမ်ရာလျှောက်ထားသူ၏ မိသားစုပျမ်းမျှလစဉ် ဝင်ငွေ ကျပ်သုံးသိန်းမှ ၁၂ သိန်းအထိ ရှိရမည်ဖြစ်ပြီး တိုက်ခန်းတန်ဖိုးကို တစ်ကြိမ်တည်း အကျေပေးသွင်းမှု၊ ဘဏ်ချေးငွေနှင့် အများဆုံး ၁၅ နှစ် ပေးချေသည့်စနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ပြည်သူ့ အိမ်ရာရောင်းချရေး ကော်မတီက ပြောသည်။
တန်ဖိုးနည်း အိမ်ရာများ ရောင်းချပြီးစီးပါက ရောင်း၍ရသည့် ငွေပမာဏအပေါ် မူတည်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အိမ်ရာစီမံကိန်းများ ဆက်လက် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဦးညီညီက ပြောကြားသည်။
Credit: 7Daydaily