ရန်ကုန်မြို့ မြို့သစ်စီမံကိန်းအတွက် မြစ်ကူးတံတားနှစ်စင်း နှင့် ခြောက်လမ်းသွား လမ်းမနှစ်ခု တည်ဆောက်နိုင်ရန် တင်ဒါခေါ်ယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် မှ ပြောကြားကြောင်းသိရသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ဧပြီ ၂ဝရက်ကပြုလုပ်သည့်ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ဆိုင်ရာ သတင်း စာရှင်းလင်းပွဲတွင် ယင်သို့ပြောကြားခဲ့ကြောင်း သိရသည်။
တင်ဒါခေါ်ယူနိုင်ရန် အရည်အသွေးလေ့လာစိစစ်မှုများ လုပ်ဆောင်နေကြောင်းလည်းဆိုသည်။
မြို့သစ်စီမံကိန်းအတွက် ဗားကရားမှ ကြည့်မြင်တိုင် တစ်ဖက်ကမ်း အေးရွာကို မြစ်ကူးတံတား တစ်စင်း နှင့် ယင်းတံတားအဆင်းမှ ကော့မှူး ၊ကွမ်းခြံကုန်းလမ်းမအထိ ခြောက်လမ်းသွားလမ်းမကြီး ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
ပန်းလှိုင်မြစ်ကိုဖြတ်သန်းမည့် မြစ်ကူးတံတား တစ်စင်းနှင့် ထိုတံတားမှ ဆိပ်ကြီးခနောင်တိုအထိ ခြောက်လမ်းသွားလမ်းမတစ်ခုကိုလည်း တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။
ထိုစီမံကိန်းအတွက် အစိုးရမှ သတ်မှတ်ထားသည့် အရည်အသွေးအတိုင်း ဆောက်လုပ်ပေးနိုင်မည့် ကုမ္ပဏီကိုသာ တင်ဒါခေါ်ယူနိုင်ရန်လုပ်နေသည် ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြောကြားကြောင်းသိရသည်။
မြို့သစ်စီမံကိန်းများ စတင်ရန်လမ်းနှင့် တံတားများသည် အဓိက ဖြစ်ခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ များများ ဝင်ရောက်လာအောင် ဖိတ်ခေါ်မှုများ ပြုလုပ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။
ယခုလို တံတား နှင့် လမ်းမကြီး များတည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်မှ ဘတ်ဂျက်စိုက်ထုတ်မှုနှင့် တည်ဆောက်မည် မဟုတ်ပဲ ပုဂ္ဂလိက တင်ဒါခေါ်ယူမှုနှင့် တည်ဆောက်မည် ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြောကြားကြောင်း သိရသည်။
လက်ရှိအချိန်တွင် တံတားနှင့် လမ်းမကြီး များ၏ တည်ဆောက်မည့် အရည်အသွေးကို အစိုးရမှ စိစစ်သတ်မှတ်နေဆဲ အချိန်ဖြစ်၍ လာရောက်အဆိုပြုလာသည့် ကုမ္ပဏီများကို လက်ခံထားခြင်း မရှိသေးပါ။
စိစစ်မှုများလုပ်သွားပြီးလျှင် တင်ဒါ သတ်မှတ်ချက်များ ထုတ်ပြန်ပြီး တင်ဒါခေါ်ယူမည်ဖြစ်ပြီး ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို မှု မေလ ၉ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Credit :Democracy Today