သြစတေးလျတွင် ထုတ်လွှင့်ပြသခဲ့သည့် The Block ရုပ်သံဇာတ်လမ်းတွဲမှ သရုပ်ဆောင်နှင့် Neighbours ရုပ်သံဇာတ်လမ်းတွဲမှ သရုပ်ဆောင်များသည် သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ အယ်လ်စတန်းဝစ်ခ်အရပ်ရှိ ၎င်းတို့၏ နေအိမ်များကို လာမည့် မေလတွင် တစ်ရက်တည်း၌ လေလံတင်ရောင်းချကြရန် စီစဉ်လျက်ရှိကြောင်း သြစတေးလျအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
The Block မှာ သြစတေးလျရုပ်သံအစီအစဉ်တစ်ခုဖြစ်ပြီး Nine Network ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည်။
ယင်းဇာတ်လမ်းတွင် ဇနီးမောင်နှံ စုံတွဲများသည် နေအိမ်များ၊ တိုက်ခန်းများကို ပြန်လည်ပြုပြင်မွမ်းမံကြကာ အမြင့်ဆုံးဈေးဖြင့် အပြိုင်အဆိုင် လေလံတင်ကြပုံကို ပြသထားခြင်းဖြစ်သည်။
ပထမဆုံးအစီအစဉ်များကို ၂၀၀၃ နှင့် ၂၀၀၄ ခုနှစ်တို့တွင် နှစ်နှစ်ဆက်တိုက် ထုတ်လွှင့်ပြသခဲ့ပြီး နှစ်အတန်ကြာရပ်ဆိုင်းထားခဲ့ကာ နောက်ပိုင်းတွင် ပြန်လည်ထုတ်လွှင့်ခဲ့သည်။
Neighbours မှာလည်း ရုပ်သံအစီအစဉ်တစ်ခုဖြစ်ပြီး Seven Network ရုပ်သံလိုင်းမှ ၁၉၈၅ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် စတင်ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။
The Block တွင် ၂၀၁၆ ခုနှစ်အတွင်း ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် ဂျူလီယာ ထရီယယ်လ်နှင့် ဆာရှာ ရိုက်ထ်-နဗီးလ်တို့သည် မဲလ်ဘုန်းမြို့၊ ဝီလို ၇ လမ်းရှိ နေအိမ်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် တစ်နှစ်လုံး ပြန်လည်ပြုပြင်မွမ်းမံနေခဲ့ကြပြီး ယခုအခါ ရောင်းထုတ်ရန် စီစဉ်လာခြင်းဖြစ်သည်။
“ဆာရှာနဲ့ ကျွန်တော်တို့နှစ်ယောက် မတူညီတဲ့ဟန်တွေကို ဒီအိမ်မှာ ပေါင်းစပ်ပေးနိုင်ခဲ့တယ်။ ဂန္ထဝင်နဲ့ ခေတ်ပြိုင်ဟန်တွေ ပေါင်းလိုက်တာမှာ အဆင့်အတန်းမြင့်တဲ့ဟန်မျိုး ထွက်ပေါ်လာစေပါတယ်” ဟု မစ္စတာ ထရီယယ်လ်က ပြောကြားသည်။
၎င်းတို့ဇနီးမောင်နှံ၏ နေအိမ်ပြုပြင်မွမ်းမံသည့် လက်ရာမှာ အခြားသော သြစတေးလျသရုပ်ဆောင်များကို များစွာဆွဲဆောင်နိုင်ခဲ့ရာ The Bachelor ဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့ကြသည့် ဆမ်ဝုဒ်နှင့် ဆနီဇနာ မာကိုစကီးတို့က မစ္စ ထရီယယ်လ်မွမ်းမံခဲ့သည့်နေအိမ်တစ်လုံးကို ၂၀၁၅ ခုနှစ်အတွင်း ဝယ်ယူခဲ့ဖူးသည်။
ဟာသ သရုပ်ဆောင် ဒေ့ဗ်ဟုခ်ျကလည်း ဆာရှာတို့၏နေအိမ်ခန်းကို စိတ်ဝင်စားခဲ့သော်လည်း ထိုစဉ်က ခေါ်ဈေးဖြစ်သော ဒေါ်လာ ၂ ဒသမ ၅၉ သန်းကို မတတ်နိုင်ခဲ့သောကြောင့် ဝယ်ယူဖြစ်ခြင်း မရှိခဲ့။
မဲလ်ဘုန်းမြို့၊ အယ်လ်စတန်းဝစ်ခ်အရပ်တွင်ပင် သြစတေးလျ ရော့ခ်အင်ရိုးဂန္ထဝင်ကြယ်ပွင့် ရော့စ်ဝီလ်ဆင်နှင့် မယားပါသမီးဖြစ်သူ သရုပ်ဆောင်မင်းသမီး၊ မော်လ်ဒယ် အိုလံပီယာ ဗဲလန့်စ်တို့ကလည်း နေအိမ်တစ်လုံးကို အရောင်းဈေးကွက်တင်ထားသေးသည်။
ဝီလ်ဆင်တို့ဇနီးမောင်နှံက အဆိုပါခြံဝန်းနှင့် ကပ်လျက်ရှိ နေအိမ်ကို အိုလံပီယာနေထိုင်ရန်အတွက် ဝယ်ယူပေးခဲ့သော်လည်း ယခုအခါ အိုလံပီယာမှာ ဟောလိဝုဒ်သို့ ပြောင်းရွှေ့အခြေချသွားပြီဖြစ်သောကြောင့် ယင်းနေအိမ်ကို သြစတေးလျဒေါ်လာ ၁ ဒသမ ၆၅ သန်းမှ ၁ ဒသမ ၈၁၅ သန်းအကြားဖြင့် ရောင်းချရန် စီစဉ်လျက်ရှိသည်။
ရော့စ်ဝီလ်ဆင်က ယင်းနေအိမ် ၂ လုံးလုံးကို လာမည့် မေလ ၅ ရက်တွင် Gary Peer & Associates ကုမ္ပဏီမှ တစ်ဆင့် လေလံတင်ရောင်းချသွားရန် စီစဉ်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)