စင်္ကာပူနိုင်ငံ Upper Thomson အရပ်ရှိ Faber Garden ကို ခေါ်ဈေး စင်္ကာပူဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံဈေးခေါ်ထားရာ ဝယ်လက်ပေါ်ပေါက်မည်ဆိုပါက စင်္ကာပူ၏ ဒုတိယမြောက်တန်ဖိုးအကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။
CBRE ကုမ္ပဏီမှတစ်ဆင့် ဈေးကွက်တင်လာခြင်းဖြစ်ပြီး အဆိုပါခေါ်ဈေးဖြင့် ရောင်းထွက်မည်ဆိုပါက ပြီးခဲ့သော မတ်လအတွင်း Pacific Mansion ကို စင်္ကာပူဒေါ်လာ သန်း ၉၈၀ ဖြင့် ရောင်းချခဲ့မှုကို ဖြတ်ကျော်သွားမည်ဖြစ်ပြီး ယခုနှစ်အတွင်း စင်္ကာပူတွင် တန်ဖိုးအကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်အဖြစ် စံချိန်တင်သွားမည် ဖြစ်သည်။
ယင်းဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ဖြစ်မည်ဆိုလျှင် Faber Garden ရှိ လူနေခန်းပေါင်း ၂၃၃ ခန်း၏ ပိုင်ရှင်များမှာ ဒေါ်လာ ၄ ဒသမ ၃၈ သန်းမှ ၆ ဒသမ ၇၅ သန်းအကြား ရရှိကြမည်ဖြစ်သည်။
ဈေးဆိုင်ခန်း ၃ ခု၏ ပိုင်ရှင်များမှာမူ ဒေါ်လာ ၁ ဒသမ ၉၉ သန်းမှ ၄ ဒသမ ၈၃ သန်းအကြားရရှိကြဖွယ်ရှိသည်ဟု ဈေးကွက်တင်သည့်ကုမ္ပဏီဖြစ်သော CBRE က သုံးသပ်ထားသည်။
ဘိုးဘွားပိုင် မြေအမျိုးအစားပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံကြီး၏ သက်တမ်းမှာ ၃၄ နှစ်ရှိပြီဖြစ်သည်။
မြေအကျယ်အဝန်း ၅ ဒသမ ၀၅ ဧကပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ကာ အနီးတွင် Central Nature Reserve နှင့် ကွန်ဒိုမီနီယံများစွာ တည်ရှိသည်။
Windsor Nature Park နှင့် Lower Peirce Reservoir တို့သို့ လမ်းလျှောက်သွားရုံဖြင့် ရောက်ရှိနိုင်ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားသည့် Bright Hill MRT ဘူတာရုံမှာ အနီးတွင်ပင် တည်ရှိသည်။
ခေါ်ဈေးအရ တစ်စတုရန်းပေလျှင် ၁၄၁၄ ဒေါ်လာ တန်ကြေးရှိနေသည်။
စင်္ကာပူတွင် တန်ဖိုးအကြီးမားဆုံး အရောင်းအဝယ်အဖြစ် စံချိန်တင်ထားသည်မှာ Farrer Court ကို ရောင်းချခဲ့မှုဖြစ်ပြီး ၂၀၀၇ ခုနှစ်အတွင်း စင်္ကာပူဒေါ်လာ ၁ ဒသမ ၃၄ ဘီလီယံဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)