ဘာလင်သည် ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight Frank ၏ ယခုသီတင်းပတ်တွင် ထုတ်ပြန်လိုက်သော ကမ္ဘာ့လူနေမြို့များညွှန်းကိန်းနှစ်ပတ်လည်စစ်တမ်းတွင် ထိပ်ဆုံးမှ ဦးဆောင်ခဲ့ကာ ကမ္ဘာ့အိမ်ဈေး
မြင့်တက်မှုနှုန်းအမြင့်ဆုံးဈေးကွက် ဖြစ်လာသည်။
ဂျာမနီနိုင်ငံ၏မြို့တော် ဘာလင်ရှိ အိမ်ဈေးများသည် ၂၀၁၇ ခုနှစ်အတွင်း ၂၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယင်းသည် Knight Frank က လေ့လာခဲ့သည့် ဈေးကွက် ၁၅၀ အနက် ရာခိုင်နှုန်း ၂၀ အထက် မြင့်တက်နှုန်းရှိခဲ့သည့် တစ်ခုတည်းသောဈေးကွက် ဖြစ်သည်။
"လူဦးရေတိုးတက်မှုအားကောင်းခြင်း၊ စီးပွားရေးတည်ငြိမ်ခြင်း၊ အလုပ်လက်မဲ့နှုန်းစံချိန်တင်နည်းပါးခြင်းနဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေထံက အားကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဈေးနှုန်းတွေကို မြင့်တက်အောင် တွန်းအားပေးနေကြပါတယ်" ဟု Knight Frank ၏ အကြီးအကဲ ကိတ်အဲဗားရက်အယ်လန်က ပြောကြားခဲ့သည်။
၎င်းစစ်တမ်းတွင် ဂျာမနီမြို့များ ပထမဆုံးအကြိမ် ပါဝင်လာခဲ့ခြင်းဖြစ်သည်။ ဟမ်းဘာ့ဂ်၊ မြူးနစ်ခ်ျနှင့် ဖရန့်ခ်ဖာ့ထ်တို့သည် သတ္တမ၊ အဋ္ဌမနှင့် ဒဿမ ဈေးနှုန်းမြင့်တက်မှုနှုန်းအမြင့်ဆုံးအိမ်ဈေးကွက်များ ဖြစ်ကြသည်။
စာရင်း၏ ထိပ်တန်း ၁၀ မြို့တွင် ဟောင်ကောင်ကသာလျှင် အာရှကို ကိုယ်စားပြုခဲ့သည်။ ဟောင်ကောင်တွင် မြင့်တက်နှုန်း ၁၄ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့သည်။
တရုတ်ပြည်မကြီးမြို့များက ဈေးနှုန်းမြင့်တက်မှုတွင် ယေဘုယျအားဖြင့် ၂၀၁၇ ခုနှစ်က ပျမ်းမျှ ၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့် သိသိသာသာ ကျဆင်းနေကြသည်။ ၂၀၁၆ က ဈေးနှုန်းမြင့်တက်မှုနှုန်း ရာခိုင်နှုန်း ၂၀ ကျော်ခဲ့သည့် တရုတ်ပြည်မကြီးမြို့အရေအတွက် ၁၂ မြို့ရှိခဲ့ပြီးနောက် တရုတ်ပြည်မကြီးရှိ မြို့ကြီးအတော်များများတွင် ဈေးနှုန်းမြင့်တက်မှုနှုန်းကျဆင်းစေရန်ရည်ရွယ်၍ အိမ်ခြံမြေစည်းမျဉ်းများကို တင်းကျပ်ခဲ့သည်။
ကမ္ဘာတစ်ဝန်း အိမ်ဈေးများသည် ၂၀၁၇ ခုနှစ်ကုန်အထိ ၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၎င်းနှုန်းသည် ၂၀၁၆ ခုနှစ်အောက် ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
Knight Frank ၏ အဆိုပါစာရင်းတွင် ထိပ်တန်း ၁၀ မြို့အား အောက်ပါအတိုင်း ပြန်လည်ဖော်ပြအပ်ပါသည်။
၁။ ဘာလင်
၂။ အစ္စမီးယား
၃။ ရေဂျာဗစ်
၎။ ဗန်ကူးဗား
၅။ ဟောင်ကောင်
၆။ ဘူဒါပတ်
၇။ ဟမ်းဘာ့ဂ်
၈။ မြူးနစ်ခ်ျ
၉။ ရော့တာဒမ်
၁၀။ ဖရန့်ဖာ့ထ်
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com