ချင်းပြည်နယ် ပလက်ဝမြို့မှ အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်ကိုဆက်သွယ်မယ့် ၁၀၉ ကီလိုမီတာ လမ်း ဖောက်လုပ်တည်ဆောက်ရေးစီမံကိန်းကို နှစ်အတော်များစွာ နှောင့်နှေးကြန့်ကြာနေခဲ့ပြီးနောက် ယခုအခါ အိန္ဒိယဘက်က တရားဝင်စတင်ဖော်ဆောင်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းစီမံကိန်းကတော့ ဒေါ်လာ ၄၈၄ သန်း ကုန်ကျမယ့် ကုလားတန် ဘက်စုံစီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်နေလျက်ရှိခြင်းဖြစ်သည်။
ဒါပေမယ့်လည်း လာမယ့် ၂၀၁၉ မတိုင်ခင် ပြီးစီးနိုင်ဖို့အတွက်ကတော့ အင်တိုက်အားတိုက် လုပ်သွားရဖို့ ရှိနေသည်။
ရူပီး ၁,၆ဝဝ ကုဋေ ကုန်ကျမယ့် ယင်းလမ်းစီမံကိန်းကတော့ထူထပ်တဲ့ တောအုပ်တွေ၊ တောင်ကုန်းဧရိယာတွေကို ကိုဖြတ်သန်းဖောက်လုပ်ရမှာဖြစ်ပြီး ယင်းစီမံကိန်းဖော်ဆောင်ဖို့အတွက် ၂၀၁၇ ခုနှစ် ဇွန်လက ဒေလီအခြေစိုက် C&C Constructions ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပေးထားခဲ့တာဖြစ်သည်။
သို့ပေမယ့်လည်း သက်ဆိုင်ရာအစိုးရဆိုင်ရာ ခွင့်ပြုချက်တွေကို စောင့်ဆိုင်းနေခဲ့ရတာကြောင့် ကြန့်ကြာမှုတွေ ရှိနေခဲ့တာဖြစ်သည်။
အဆိုပါ လမ်းဖောက်လုပ်ပြီးသွားရင်တော့ ယင်းစီမံကိန်းကြောင့် မီဇိုရမ်ပြည်နယ်ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းနဲ့ ကူညီချိတ်ဆက် ဆက်သွယ်ပေးသွားနိုင်ဖို့ ရှိတယ်လို့ သိရသည်။
Credit: Myanmar Builders Guide