ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် မတ်လကုန်အထိ ပြည်တွင်း၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာသန်းတစ်ထောင်ကျော်အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။
မတ်လကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၁၉ ခု အထိ ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၄၁ ဒသမ ၄၄၆ သန်းအပါအဝင် ကျပ် ၃,၅၈၂,၃၄၃ ဒသမ ၃၅၈ သန်းအထိရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၆၈ ဒသမ ၃၅၃ သန်းနှင့် ကျပ် ၃,၉၇၈,ဝ၉၅ ဒသမ ၁၂၈ သန်းအထိ ခွင့်ပြုထားကြောင်း ယင်းဌာနထံမှ သိရသည်။
ယခင်နှစ်များတွင် ပြည်တွင်းလုပ်ငန်းရှင်များအနေနှင့် အိမ်၊ ခြံ၊ မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်သာ အများဆုံးရင်းနှီးမြှုပ်နှံခဲ့ကြပြီး ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် အများဆုံးရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ် မတ်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်အထိ ဝင်ရောက်ထားပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံအထိဝင်ရောက်ရန် မျှော်မှန်းထားသည်။
ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှုအများဆုံးဝင်ရောက်သည့်နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံးဖြစ်ကာ ထိုင်းနှင့် ယူအေအီးတို့မှလည်း ရင်းနှီးမြှုပ်နှံမှု အသင့်အတင့်ဝင်ရောက်သည်။
Credit: The Voice