မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေ ဧက၁၆,၅၁ဝ ကို လယ်ယာမြေ အသုံးပြုခွင့်မဟုတ်သော အခြားနည်းဖြင့် အသုံးပြုလျက်ရှိသူ ၂၉,ဝ၆၅ ဦးရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ဆိုသည်။
အဆိုပါ လယ်ယာမြေများပေါ်တွင် လယ်ယာမြေအသုံးပြုခွင့်အရ အမှန်တကယ် ဆောင်ရွက်ခြင်းမရှိသူများနှင့် အခြားနည်းဖြင့် အသုံးပြုလျက် ရှိသူများကို ဖယ်ရှားရန် ဗဟိုလယ်ယာမြေ စိစစ်ရေးအဖွဲ့သို့ တင်ပြထားပြီးဖြစ်ကာ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ၄င်းက ပြောသည်။
''လယ်ယာမြေပေါ် အခြားနည်းသုံးစွဲခွင့် လျှောက်ထားမှုကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အသီးသီးက ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်ထောက်ခံထားတာကို ဗဟို လယ်/စီ ကို တင်ပြပြီး ထောက်ခံချက်ပြည့်စုံမှ ထုတ်ပေးပါတယ်''ဟု ဒေါက်တာစိုးသန်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေ၌ အခြားနည်းသုံးစွဲခွင့် ချပေးခဲ့သော ဧက ၅,ဝဝဝ ကျော်ကို ယမန်နှစ် နှစ်ဆန်းပိုင်းကပင် စစ်ဆေးပြီးဗဟိုလယ်ယာမြေ စိစစ်ရေအဖွဲ့သို့ တင်ပြခဲ့သည်။
အစိုးရသစ်လက်ထက် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် အမှုတွဲပေါင်း ၃၅ တွဲတွင် အမှု ၂ဝ သည်ကျောင်း၊ ဆေးရုံ၊ သာသနာ့နယ်မြေအတွက် အသုံးပြုခဲ့သည်။ ကျန် အမှုတွဲ ၁၅ တွဲသည် ပုဂ္ဂလိကများကို ချထားပေးခဲ့ခြင်းဖြစ်ပြီး အမှန်တကယ် ဆောင်ရွက်ခြင်းမရှိသူများကို စိစစ်တွေ့ရှိခဲ့သည်။
'' ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မဲ့အခြားနည်း အသုံးပြုနေတာတွေက ဆန်စပါးထွက်ကုန်နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်နစ်နာစေတယ်။ ဒါကြောင့် အခြားနည်း အသုံးပြုခွင့်ကို သေသေချာချာ စိစစ်ပြီး ချထားပေးသင့်တယ်'' ဟုအမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက ပြောသည်။
Credit: The Myanmar Times