တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ထိပ်ဆုံးနေရာမှ ရပ်တည်လျက်ရှိသော သူဌေးကြီးဝမ်ကျန်းလင်ပိုင် Dalian Wanda ကုမ္ပဏီသည် နိုင်ငံခြားဟိုတယ်လုပ်ငန်းအုပ်စုများနှင့် မိတ်ဖက်အဖြစ်လက်တွဲလုပ်ကိုင်လျက်ရှိခြင်းကို ရပ်တန့်လိုက်ပြီဖြစ်ပြီး တစ်ကမ္ဘာလုံးအသိအမှတ်ပြုမည့် ကိုယ်ပိုင်ဟိုတယ်အမှတ်တံဆိပ်တစ်ခုကို စတင်ရန် ပြင်ဆင်လာလျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Dalian Wanda က ၎င်း၏ကိုယ်ပိုင် Reign, Realm နှင့် Vista အမှတ်တံဆိပ်များကို ကုမ္ပဏီပိုင် ပြည်တွင်းဟိုတယ်များစွာတွင် အသုံးပြုရန် စီစဉ်လာသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း Wanda သည် ယခင်က ပြင်သစ်ဟိုတယ်အုပ်စု Accor က စီမံကွပ်ကဲ့နေသည့် Sofitel Wanda Beijing ကို Wanda Vista Beijing အဖြစ် ပြောင်းလဲခဲ့သည်။
ပြည်ပမိတ်ဖက်တို့နှင့် လက်တွဲဖြုတ်လိုက်ပြီးနောက်ပိုင်း Wanda သည် စုစုပေါင်း ဇိမ်ခံဟိုတယ် ၁၀ လုံးကို အမည်ပြောင်းလဲသွားမည် ဖြစ်ပြီး ကွပ်ကဲမှုများ လွှဲပြောင်းရယူသွားမည် ဖြစ်သည်။
Wanda ပိုင်ဟိုတယ်များကို လက်ရှိလည်ပတ်လုပ်ကိုင်နေသည့် ပြည်ပဟိုတယ်အုပ်စုများမှာ IHG, Hyatt,Hilton နှင့် Accor တို့ ဖြစ်ကြသည်။
လက်ရှိ စာချုပ်သက်တမ်းမကုန်သေးသည့် ကုမ္ပဏီများကိုမူ စာချုပ်ပြည့်သည်အထိ ဆက်လက်လုပ်ကိုင်ခွင့်ပေးထားမည်ဟု ဆိုသည်။
Wanda သည် အိမ်ခြံမြေ developer အဖြစ်မှ ဖျော်ဖြေရေးကဏ္ဍသို့ ပြောင်းလဲခြေချရန်အတွက် ဟိုတယ်ပေါင်း ၇၃ လုံးကို Guangzhou R&F Properties သို့ ယခင်နှစ်ဇူလိုင်လအတွင်းက ရောင်းချလိုက်ပြီးနောက်ပိုင်း ယခုခြေလှမ်းပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
လက်ရှိအားဖြင့် Wanda သည် ပြည်ပဟိုတယ်အုပ်စုများမှ လည်ပတ်လုပ်ကိုင်နေသော ဟိုတယ် အလုံး ၅၀ ခန့်ပိုင်ဆိုင်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)