ယူဂိုဆလားဗီးယားပြိုကွဲမှုအရေး အုန်းအုန်းကြွက်ကြွက်ဖြစ်နေချိန်နှင့် ဘော့စနီးယားစစ်မီးကြီးတောက်လောင်နေချိန်တွင် မျှော်လင့်ခြင်း ဥမင်အမည်ရှိ မြေအောက်လှိုဏ်ခေါင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဆာရာယေဗိုမြို့ကြီး ဝန်းပတ်ပိတ်ဆို့ခံထားရချိန်၊ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားပြည်သူပေါင်း ၁၄၀၀၀ ခန့် သေဆုံးခဲ့ကြရချိန်တွင် ဤဥမင်ကြီးကို တူးဖော်ခဲ့ခြင်း ဖြစ်သည်။
ဆာရာယေဗိုသည် ၁၉၉၂ ခုနှစ်၊ ဧပြီလ ၅ ရက်မှ စတင်ပြီး ဝန်းပတ်ပိတ်ဆို့ တိုက်ခိုက်ခြင်းခံခဲ့ရပြီး ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်အထိဖြစ်ရာ ခေတ်သစ်ကမ္ဘာ့သမိုင်းတွင် ကာလအကြာရှည်ဆုံး ဝန်းပတ်ပိတ်ဆို့ခံခဲ့ရခြင်း ဖြစ်သည်။
ဘော့စနီးယားစစ်တပ်က ပိတ်ဆို့ခံထားရသော ဆာရာယေဗိုမြို့ပြင်ရှိ Butmir အမည်ရှိဒေသကိုမူ ထိန်းချုပ်ထားနိုင်သည်။
သို့ရာတွင် ထိုနေရာသို့ထွက်ပြေးတိမ်းရှောင်လိုသူများအနေဖြင့် ဆာရာယေဗိုလေဆိပ် လေယာဉ်ပြေးလမ်းကို ဖြတ်သန်းရမည် ဖြစ်သည်။
ယင်းလေဆိပ်မှာ နည်းစနစ်ပိုင်းအရဆိုလျှင် ကုလသမဂ္ဂ၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိခြင်းကြောင့် ထိုနေရာကိုဖြတ်မည့် စစ်သည်တို့မှာ ကိုယ့်သေတွင်းကိုယ်တူးသလိုသာ ဖြစ်မည်ဖြစ်သည်။
ယင်းသို့သောအခြေအနေတွင် Objekt BD ဟု လျှို့ဝှက်အမည်ပေးထားသည့် ဥမင်လှိုဏ်ခေါင်းတူးဖော်ရေး စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ဝန်းပတ်ခံထားရသည့်မြို့တွင်းမှ ဒိုဘရင်ဂျားအမည်ရှိ အရပ်တွင် စတင်ကာ လေယာဉ်ပြေးလမ်းအောက်ကိုဖြတ်သန်း၍ ဘော့စနီးယား စစ်တပ်ထိန်းချုပ်ထားသည့် Butmir တွင် အဆုံးသတ်မည့်စီမံကိန်း ဖြစ်သည်။
ထိုဥမင်သည် မြို့တွင်းသို့ အထောက်အပံ့များ ပေးရန်နှင့် ပြည်သူများကို ကယ်ထုတ်ရန်အတွက် အရေးပါသည့်ဥမင်ဖြစ်လာသည်။
၁၉၉၃ ခုနှစ်၊ မတ်လ ၁ ရက်တွင် လျှို့ဝှက်စွာစတင်တူးဖော်ခဲ့၏။
ဥမင်၏ဒီဇိုင်းကို civil engineer နက်ဒ်ဇက် ဘရန်ကိုဗီက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဖောက်လုပ်မှုများကို ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနား အမှတ် ၁ တပ်ရင်းမှ ကွပ်ကဲခဲ့သည်။
ဥမင်၏ စုစုပေါင်းအလျားမှာ ၂၆၃၅ ပေရှိပြီး နှစ်ဘက်လုံးတွင် အဖုံးအကာဖြင့်လျှို့ဝှက်ထားသည့် ကျင်းများတွင် အဆုံးသတ်ထားသည်။
ဆားဗီးယားတပ်များက ဥမင်လမ်းကြောင်းကို မခန့်မှန်းနိုင်စေရန်အတွက် မျဉ်းဖြောင့်ပုံ တူးဖော်ခြင်းမပြုဘဲ L ပုံသဏ္ဍာန်တူးဖော်ခဲ့သည်။
တစ်ရက်လျှင် ၂၄ နာရီပတ်လုံး တူးဖော်မှုများ ပြုလုပ်ခဲ့ပြီး စက်ယန္တရားများ မရှိဘဲ အချွန်များ၊ ဂေါ်ပြားများဖြင့်သာ တူးဖော်ခဲ့ခြင်း ဖြစ်သည်။
လူအင်အားအနည်းငယ်ဖြင့်သာ လုပ်ကိုင်ရခြင်းကြောင့် အလွန်ခက်ခဲပင်ပန်းသည့် စီမံကိန်းတစ်ခုဖြစ်ခဲ့သည်။
တူးဖော်မှုကို အဆုံးသတ်နှစ်နေရာလုံးမှ တပြိုင်တည်းစတင်ခဲ့ပြီး ၈ နာရီလျှင် တစ်သုတ် လူလဲလှယ်မှု ပြုလုပ်ခဲ့သည်။
ဥမင်တူးဖော်သည့်လုပ်သားများကို တစ်ရက်လျှင် စီးကရက်အထုပ်ငယ် တစ်ထုပ်စီသာ ပေးဝေခဲ့သည်။
စစ်အတွင်းကာလကမူ စီးကရက်သည် တန်ဖိုးအရှိဆုံး ကုန်စည်ဖလှယ်ရေးပစ္စည်းတစ်ခု ဖြစ်ခဲ့၏။
စုစုပေါင်းအားဖြင့် မြေစာ ကုဗပေ ၁၀၀၀၀၀ ခန့် တူးဖော်စွန့်ပစ်ခဲ့သည်။
ဥမင်အတွင်း မြေအောက်ရေအမြဲရှိနေပြီး ခါးလည်ခန့်အထိ ရေနစ်မြှုပ်လျက်ရှိသည့်ကြားမှ လက်ချည်းသက်သက်ဖြင့် တူးဖော်ခဲ့ရခြင်းလည်း ဖြစ်သည်။
ဇွန်လကုန်တွင် မျှော်လင့်ခြင်းဥမင်တူးဖော်မှု အပြီးသတ်ခဲ့ပြီး ထိုနေ့တွင်ပင် အစားအစာ၊ ဓာတ်ဆီ၊ စီးကရက်များ၊ အရက်နှင့် ဖောက်ခွဲရေးပစ္စည်းများ သယ်ယူပို့ဆောင်မှု ပြုလုပ်ခဲ့ပြီး အားလုံးကို လက်ချည်းသက်သက်ဖြင့် သယ်ဆောင်ခဲ့ကြရခြင်း ဖြစ်သည်။
ဥမင်အကျယ်မှာ ၃ ပေခန့်သာရှိပြီး မှောင်မည်းလျက်ရှိကာ လေကောင်းလေသန့်လုံးဝမရှိ။
ဥမင်အတွင်း ပျှမ်းမျှအမြင့်မှာ ၅ ပေ ၂ လက်မခန့်သာရှိခြင်းကြောင့် ခါးဆန့်ကာ လမ်းလျှောက်၍ မရနိုင်။
လေယာဉ်ပြေးလမ်းအောက်လမ်းပိုင်းတွင် သွားလာရခြင်းမှာ ပိုမိုခက်ခဲ၏။ မြေအောက် ၁၆ ပေအနက်တွင် တူးဖော်ထားခြင်းဖြစ်ပြီး လူတစ်ဦး တွားသွားနိုင်သည့်အကျယ်အဝန်းထက် အနည်းငယ်မျှသာ ပိုမိုကျယ်ဝန်းသည်။
ဒိုဘရင်ဂျာအပိုင်းဘက်တွင် လူနေအဆောက်အအုံတစ်ခု၏ အမှိုက်ပုံးတစ်ခုမှ စတင်ပြီး Butmir ဘက်အခြမ်းတွင်မူ နေအိမ်တစ်လုံးအတွင်းမှ စတင်သည်။
ဥမင်တူးဖော်ပြီး တစ်နှစ်ခန့်အကြာတွင် မီးရထားလမ်းငယ်တစ်ခု ဖောက်လုပ်ခဲ့သည်။
နောက်ပိုင်းတွင် လျှပ်စစ်မီးများ သွယ်တန်းတပ်ဆင်ခြင်း၊ တယ်လီဖုန်းကြိုးများတပ်ဆင်ခြင်း၊ ရေနံပိုက်လိုင်း တပ်ဆင်ခြင်းများ ပြုလုပ်ခဲ့သည်။
ဥမင်အတွင်း ရေအမြဲပြည့်နေပြီး လုံလောက်သည့် အောက်ဆီဂျင်ရရှိမှုလည်း မရှိချေ။
သို့အတွက် ရေစုပ်ပန့်များဖြင့် ရေစုပ်ထုတ်ခြင်း၊ မျက်နှာဖုံးတပ်ဆင်ခြင်းများ ပြုလုပ်ကာ ဖြေရှင်းခဲ့ရသည်။
သို့ရာတွင် ယင်းဥမင်သည် စစ်ပွဲကာလအတွင်း အကောင်းဆုံးအထောက်အကူပေးနိုင်ခဲ့ပြီး ကုန်စည် တန်ချိန် ၃၀ ခန့် သယ်ယူပို့ဆောင်ကာ ဆာရာယေဗိုရှိ စစ်သည်များနှင့် ပြည်သူများကို ထောက်ပံ့ပေးနိုင်ခဲ့သည်။
နေ့စဉ်နေ့တိုင်း စစ်သည်နှင့် အရပ်သား ထောင်ပေါင်းများစွာမှာ မျက်နှာချင်းဆိုင်ဦးတည်ရာ အသီးသီးသို့ သွားလာခဲ့ကြသည်။
ဥမင်ကို ဖြတ်သန်းချိန် ၂ နာရီခန့် ကြာမြင့်သည်ဟု ဆိုသည်။
နောက်ပိုင်းတွင်မူ မြေအောက်ဥမင်ကို ဖြတ်သန်းလိုသည့် အရပ်သားများအနေဖြင့် အဝင်ပေါက်တွင် စောင့်ကြပ်နေသည့် စစ်သည်များကို ကန်ဒေါ်လာ ၁၂၀ ပမာဏရှိ ငွေကြေးပေးရသည်ဟု ဆိုသည်။
ဆာရာယေဗိုစစ်ပွဲကာလပြီးဆုံးပြီးနောက် ဥမင်တစ်ဘက်ရှိ နေအိမ်ကို ပြတိုက်ပြုလုပ်ခဲ့ပြီး စစ်အတွင်းက သေဆုံးခဲ့ရသည့် ထောင်ပေါင်းများစွာသော အသက်များကို အောက်မေ့သတိရဖွယ်အဖြစ် ထားရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)