အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေမှ ဘက်စုံသုံး မုန်တိုင်းဒဏ် ခိုလုံရာ အဆောက်အဦ ( Cyclone Chatters) အလုံး ၅၀ကိုဧရာဝတီတိုင်းဒေသအတွင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ယခုနှစ် အတွင်း ဧရာဝတီတိုင်း ဒေသ၌ တည်ဆောက်ပေးမည်ဟု သတင်းရရှိသည်။
နေပြည်တော်ရှိ Hilton Hotel တွင် ယနေ့ မနက်ပိုင်းက မြန်မာ နိုင်ငံ ပြည်သူ လူထု သဘာဝဘေး ရင်ဆိုင် တုန့်ပြန်နိုင်စွမ်း မြင့်မားစေရေး အမျိုးသားအဆင့် မူဘောင်ကိုအကောင်အထည်ဖော် ဆောင်ရွက်ခြင်း ညှိနှိုင်း အလုပ်ရုံဆွေးနွေးပွဲ ခဏ ရပ်နားချိန်တွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်မိုးသွင်က “ဒီနှစ် ထဲမှာ တနိုင်ငံလုံး ဆိုရင် အလုံး ၈၀ ဆောက်မှာ ဧရာဝတီတိုင်းဒေသအတွင်းမှာ Cyclone Chatters အလုံး ၅၀ ဆောက်သွားမှာပါ” ဟု အစည်းအဝေးခေတ္တရပ်နားချိန်တွင် မီဒီယာများကိုပြောသည်။
ယခုတည်ဆောက်မည့် Cyclone Chatters များကို သဘာဝဘေးကျရောက်သည့် အချိန်တွင် အဆောက်အအုံ ခိုလုံရာအဖြစ် အသုံးပြုပြီး၊ သဘာဝဘေး အန္တရာယ် ကျရောက်ခြင်း မရှိသည့် အချိန်များတွင် စာသင်ကျောင်း၊ လူမှုရေး၊ သာရေး နာရေး ကိစ္စရပ်များ သုံးနိုင်ဖို့ အတွက် တည်ဆောက်သွားမည်ဟု ဒေါ်မြတ်မိုးသွင်က ပြောသည်။
ဧရာဝတီတိုင်းဒေသ၊ ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက “ကျနော်တို့ ဧရာဝတီတိုင်းက သဘာဝဘေး အန္တရာယ် ပတ်သက်ရင် ထိရှလွယ်တဲ့ ဧရိယာ ဖြစ်တယ်။ အခု အလုံး ၅၀ ဆောက်မယ်ဆိုတာ ကြိုဆိုရမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပင်လယ်ကမ်းနှင့် နီးသည့် ဧရာဝတီတိုင်းဒေသအတွင်းမှ ငပုတော မြို့နယ်၊ ပုသိမ်မြို့နယ်၊ လပွတ္တာမြို့နယ်၊ ဖျာပုံ မြို့နယ်နှင့် ဘိုကလေးမြို့နယ်များတွင် Cyclone Chatters အဓိက ထားတည်ဆောက်သွားမည် ဖြစ်ပြီး၊ နာဂစ်မုန်တိုင်း ကျရောက်ခဲ့စဉ်ကလည်း ယင်းဒေသများမှာ အများဆုံး မုန်တိုင်းဒဏ် ခံခဲ့ရသည့် မြို့နယ်များလည်း ဖြစ်သည်။
Cyclone Chatters များကို တည်ဆောက်ရာတွင် နယ်မြေ ဒေသအလိုက် ခိုင်ခန့်သည့် အဆောက်အဦများကို တည်ဆောက်သွားမည် ဖြစ်ပြီး၊ အဆောက်အဦတွင် သောက်သုံးရေ၊ လျှပ်စစ်မီး ရရှိရန် နှင့် ခိုင်မာသည့် အဆောက်အဦများ ကို တည်ဆောက်သွားမည်ဖြစ်သည်။
ထိုသို့ အဆောက်အဦများတည်ဆောက်ရာတွင် သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန် တချိန်တည်း အသုံးပြုခြင်းမဟုတ်ပဲ၊ နယ်မြေ ဒေသ အလိုက် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာရေး နာရေး ပွဲများ ကျင်းပနိုင်မည့် အဆောက်အဦများကို တည်ဆောက်ပေးသွားမည်ဟု ဒေါ်မြတ်မိုးသွင်က ပြောသည်။
ရေမြေ သဘာဝ အနေအထားအရ ပင်လယ် ကမ်းရိုးတန်း တည်ရှိသည့် အတွက် မုန်တိုင်း အန္တရာယ်ကို နှစ်စဉ် ကြုံတွေ့နေရသည့် အတွက် မုန်တိုင်းဒဏ်ခံ အဆောက်အဦများကို တည်ဆောက်ရန် ပြည်ထောင်စု အစိုးရ နှင့် ပြည်နယ် အစိုးရ တို့ ပူးပေါင်းပြီး ဆောင်ရွက်သွားမည် ဖြစ်သည်။
၂၀၁၈ ခုနှစ်အတွင်း တနိုင်ငံလုံး အနေဖြင့် Cyclone Chatters ပေါင်း အလုံး ၈၀ တည်ဆောက်သွားမည် ဖြစ်ပြီး၊ ဧရာဝတီတိုင်း ဒေသအတွင်း အများဆုံးတည်ဆောက်ပြီမည်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်လည်း တည်ဆောက်သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံ အတွင်း သဘာဝဘေး အန္တရာယ် ကျရောက်နိုင်သော မြို့နယ်များတွင် Cyclone Chatters ၁၂ လုံးကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ပြီး ဖြစ်ပြီး ၂၀၁၅ -၂၀၁၆ ခုနှစ်တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ရခိုင်ဒေသအတွင် Cyclone Chatters ၁၀ လုံး တည်ဆောက်ထားပြီး ဖြစ်သည်ဟု သိရသည်။
Credit: The irrawaddy