မြန်မာ- တရုတ်ပူးပေါင်းဆောင် ရွက်မှုများသည် အပြန်အလှန်ရင်းနှီးမှုနှင့် အပြန်အလှန် မှီခိုပတ်သက်မှုများသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် ပထမဆုံးဧရာဝတီမြစ် ၀ှမ်းတလျှောက် စီးပွားရေးဇုန်များတည်ဆောက်ရမည်ဖြစ်ကြောင်း ကမ္ဘာ့တရုတ်ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Mr.Tuan Zhen Li က ပြောကြားလိုက်ခြင်း ဖြစ်သည်။
နေပြည်တော် MICC - II တွင် ဧပြီ ၄ ရက်က ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ - တရုတ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ငွေကြေးနှင့် နည်းပညာပိုင်းဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးအစည်းအဝေးကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
''မြန်မာနိုင်ငံအနာဂတ်ရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ရာ အရင်ဆုံးဧရာဝတီမြစ်ဝှမ်းတလျှောက် စီးပွားရေးဇုန်များ တည်ဆောက်ရ မှာ ဖြစ်ပါတယ်။ စီးပွားရေးဇုန်လမ်းကြောင်းမှာ ရန်ကုန်-နေပြည်တော်-မန္တလေး စတဲ့ အချက်အချာမြို့ကြီးများ ပါဝင်ပါတယ်။ လက်ရှိအခြေအနေမှာလည်း တရုတ်နိုင်ငံရဲ့ လုပ်ငန်းကြီးများက မြန်မာနိုင်ငံ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ နယ်ပယ်များမှာ အားကြိုးမာန်တက် ပါဝင်လုပ် ဆောင်နေတာတွေ့ရမှာဖြစ်ပါတယ်''ဟု ကမ္ဘာ့တရုတ်ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Mr.Tuan Zhen Li က ပြောသည်။
မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးအပါအ၀င် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးပွဲတော်များ ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံဘေးအန္တရာယ်ကျရောက်သည့်အခါတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများက ဒုက္ခသည် ပြည်သူများအား အားသွန်ခွန်စိုက်ကူညီပေးခဲ့ကြောင်း ၎င်းပွဲတွင် ပြောကြားခဲ့သည်။
ယင်းထိပ်သီးဆွေးနွေးပွဲတွင် တရုတ်နိုင်ငံတွင် အောင်မြင်လျက်ရှိသည့် တတိယ ပါတီငွေပေးချေစနစ် (Third Party Pay-ment Platform) ကို မြန်မာနိုင်ငံ၌ စတင်မိတ်ဆက်ခြင်းဖြစ်ကြောင်း၊ တတိယပါတီ ငွေပေးချေမှုစနစ် MFB (Myanmar’s First Blockchain) Research Inst-itute အဖွဲ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့်ချိတ်ဆက်ပြီး တနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံပြီး စတင်မည်ဖြစ်ကြောင်း MFB ၏ အမှုဆောင်ဒါရိုက်တာ ဦးသော်ထွန်းအောင်က ပြောသည်။
မြန်မာ - တရုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ငွေကြေးနှင့် နည်းပညာပိုင်း ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးအစည်း အဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးအေးသာအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးပညာရှင်များ စသည်တို့ တက်ရောက်ခဲ့ကြသည်။
Credit: News Watch