စက်မှုဇုန်ဥပဒေထဲမှာ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေအနေနဲ့ စက်မှုဇုန်တွေထဲကို ဝင်ရောက်လုပ်ကိုင်လာမယ့် နည်းလမ်းတွေ အဓိက ထည့်သွင်းရေးဆွဲမယ်လို့ သိရပါတယ်။
' ဥပဒေထဲမှာ ကြီးကြပ်တာတွေပဲ ထည့်ထားရင် စက်မှုဇုန်တွေမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူနည်းမှာပေါ့နော်၊ အရင်တုန်းကဆိုရင် စက်မှုဇုန်ထဲကို ရောက်လာအောင် နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်တာ ရှိပါတယ်။ အခွန် commercial tax ကိုတောင်မှ လုပ်ခဲ့ပါတယ်၊ စက်မှုဇုန်ပြင်ပမှာ ရင်းနှီးမြှုပ်နှံလို့ရှိရင် commercial tax မှာ (၅)ရာခိုင်နှုန်း၊ စက်မှုဇုန်ထဲမှာ ရင်နှီးမြှုပ်နှံလို့ရှိရင် (၃)ရာခိုင်နှုန်းနဲ့ စက်မှုဇုန်ထဲမှာလုပ်တဲ့ ထောက်ခံချက်နဲ့ သွားရတာတွေတောင် ရှိပါတယ်' လို့ စက်မှုကြီးကြပ်ရေးနှင့် စိစစ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကို ရည်ရည်ပြီး ရေးဆွဲထားတဲ့ ဥပဒေတွေရှိပေမဲ့လည်း စက်မှုဇုန်တွေနဲ့ ပက်သက်ပြီး စနစ်တကျဖြစ်စေမယ့် ဥပဒေမရှိသေးဘူးလို့ သိရပါတယ်။
စက်မှုဇုန်တွေထဲမှာ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ကလည်း စနစ်တကျရင်းနှီးမြှုပ်နှံမှုမရှိကြတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ၊ သဘာဝပတ်ဝန်းကျင် ထိခေါ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါတွေကိုလည်း သည်ဥပဒေကနေ စနစ်တကျဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
' ကျွန်မတို့က ဒီအတိုင်းကြီးသွားနေမယ်ဆိုရင် စက်မှုဇုန်နီးပါးက ဒီတိုင်းလိုလိုသွားနေတဲ့အခါကျတော့ ကျူးကျော်တွေရှိတယ်၊ တစ်ခြားလမ်းတွေ တံတားတွေ ဆောက်မယ်ဆိုရင်လဲ အဆင်မပြေဘူး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်၊ အဲဒီတော့ ကျွန်မတို့က တားဂတ်တွေထားဖို့လိုတယ်၊ စက်မှုဇုန်တွေ ဖွံ့ဖြိုးတိုးတက်အောင် ဘာတွေလုပ်ပေးဖို့ လိုလဲဆိုတဲ့ဟာတွေရှိတယ် ' လို့ ဒေါ်အေးအေးဝင်းက ပြောပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းမှာရှိတဲ့ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်း တော်တော်များများဟာ စက်မှုဇုန်တွေထဲအထိ ဝင်ရောက်လုပ်ကိုင်ကြတာ သိပ်မရှိဘဲ အဆင်ပြေတဲ့နေရာမှာ လုပ်ငန်းတွေ လုပ်ကိုင်တယ်လို့ သိရပါတယ်။
စက်မှုဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ စက်မှုဇုန်ဥပဒေပေါ်ထွက်လာဖို့ ဥပဒေမူကြမ်းစတင်ရေးဆွဲနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ စက်မှုလုပ်ငန်းမြှင့်တင်ရေးနှင့် စက်မှုဇုန်တိုးတက်ရေးလုပ်ငန်းကော်မတီ၊ တိုင်းဒေသအဆင့်မှာရှိတဲ့ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကြီးကြပ်ရေးကော်မတီနဲ့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတို့ကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။
Credit: The Kumudra