ကမ္ဘာကျော် တေးသံရှင်၊ သရုပ်ဆောင် ဂျနီဖာလိုပက်ဇ်နှင့် ချစ်သူ အဲလက်စ် ရိုဒရီဂွက်ဇ်တို့သည် နယူးယောက်မြို့ ပန်းခြံရိပ်သာလမ်းရှိ အခန်းကို ဒေါ်လာ ၁၅ သန်းကျော်ဖြင့် ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နယူးယောက်မြို့ ၊ မန်ဟက်တန်ရပ်၊ ပန်းခြံရိပ်သာလမ်း၊ အမှတ် ၄၃၂ ရှိ ကမ္ဘာ့အမြင့်မားဆုံးလူနေမိုးမျှော်တိုက်ကြီးမှ အခန်းကို ကန်ဒေါ်လာ ၁၅ ဒသမ ၃၁၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဂျနီဖာလိုပက်ဇ်နှင့် ရိုဒရီဂွက်ဇ်တို့၏ နေအိမ်သစ်သည် အကျယ်အဝန်း စတုရန်းပေ ၄၀၀၀ ရှိပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၄ ခန်း ပါဝင်သည်။
မန်ဟက်တန်ရပ် ၅၆ လမ်းနှင့် ၅၇ လမ်းကြား ပန်းခြံရိပ်သာလမ်းပေါ်တွင်တည်ရှိပြီး နယူးယောက်မြို့ကြီးနှင့် နာမည်ကျော် စင်ထရယ်ပါ့ခ် ပန်းခြံတို့၏ အလှများကို ခံစားနိုင်သည့်မြင်ကွင်းပိုင်ဆိုင်ထားသည်။
ကမ္ဘာ့အမြင့်မားဆုံးလူနေမိုးမျှော်တိုက်ကြီးတွင် နေထိုင်ကြသူများအတွက် အပန်းဖြေရန်နေရာ စုစုပေါင်းအကျယ်အဝန်း စတုရန်းပေ ၃၀၀၀၀ ခန့်ရှိပြီး အလျား ၇၅ ပေရှိ indoor ရေကူးကန်၊ ကျန်းမာရေးလေ့ကျင့်မှုစင်တာ၊ ရုပ်ရှင်ရုံတို့ ပါဝင်ကြောင်း ဈေးကွက်တင်သည့် StreetEasy ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဂျနီဖာလိုပက်ဇ်တို့က အဆိုပါအခန်းကို Modlin Group ကုမ္ပဏီမှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
တချိန်တည်းမှာပင် ဂျနီဖာလိုပက်ဇ်သည် မန်ဟက်တန်တွင်ပင်ရှိသော နေအိမ်နှင့် Madison Square Park ၏ မြောက်ဘက် Whitman အဆောက်အအုံရှိ penthouse ခန်းတို့ကို ဈေးကွက်တင်ရောင်းချလျက်ရှိသည်။
ဂျနီဖာလိုပက်ဇ်က အဆိုပါ penthouse ခန်းကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၀ ဒသမ ၁၆၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
ယခုအခါ ယင်း penthouse ခန်းကို ကန်ဒေါ်လာ ၂၆ ဒသမ ၉၅ သန်းဖြင့် ဈေးခေါ်ထားရာ ရောင်းထွက်လျှင် ကန်ဒေါ်လာ ၆ ဒသမ ၇ သန်းခန့် မြတ်စွန်းမည် ဖြစ်သည်။
Penthouse ခန်းတွင် အလွှာ ၂ ခု၏ လသာဆောင်များ စုစုပေါင်း အကျယ်အဝန်းမှာပင် စတုရန်းပေ ၃၀၀၀ ခန့် ရှိပြီး အိပ်ခန်း ၄ ခန်း ပါဝင်သည်။
အဆိုပါအဆောက်အအုံတွင် သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် ဟီလာရီကလင်တန်တို့၏ သမီးဖြစ်သူ ချယ်လ်ဆီးကလင်တန်လည်း နေထိုင်လျက်ရှိသည်။
ရိုဒရီဂွက်ဇ်၏ အမည်ရင်းမှာ အလက်ဇန္ဒား အင်မန်ညူယယ်လ် ရိုဒရီဂွက်ဇ်ဖြစ်ပြီး အေ-ရော့ဒ်ဟု ခေါ်ကြသည်။
ဘေ့စ်ဘောကစားသမားဟောင်းဖြစ်ပြီး Seattle Mariners, Texas Rangers နှင့် New York Yankees အသင်းများတွင် ၂၂ ရာသီ ပါဝင်ကစားခဲ့ပြီးဖြစ်ကာ ၂၀၁၆ ခုနှစ်မှစပြီး အားကစားလောကမှ အနားယူသွားခဲ့သည်။
လက်ရှိတွင် ESPN နှင့် Fox Sports အစရှိသည့် အားကစားရုပ်သံဌာနများတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)