စင်္ကာပူတွင် ယခုနှစ် ပထမသုံးလပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) အတွင်း ပုဂ္ဂလိကအိမ်ဈေးများ ၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ယမန်နှစ် စတုတ္ထသုံးလပတ် (၂၀၁၇ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ) မြင့်တက်နှုန်း ၀ ဒသမ ၈ ရာခိုင်နှုန်းထက် သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း စင်္ကာပူမြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (URA) က ယခုတနင်္လာ (ဧပြီ ၂) တွင် ထုတ်ပြန်ခဲ့သည်။
"ဒါဟာ ပုဂ္ဂလိကလူနေအိမ်ညွှန်းကိန်း ၂၀၁၇ ဒုတိယသုံးလပတ်မှာ ကျဆင်းခဲ့ပြီးနောက် တတိယမြောက်အဖြစ် ဈေးနှုန်းဆက်တိုက်မြင့်တက်လာခဲ့တဲ့ သုံးလပတ်ဖြစ်ပါတယ်။ မြင့်တက်နှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့တဲ့ ၂၀၁၀ ဒုတိယသုံးလပတ်နောက်ပိုင်း မြင့်တက်အားအကောင်းဆုံးသုံးလပတ်လည်း ဖြစ်ပါတယ်" ဟု ကမ္ဘာ့အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ Colliers International ၏ စင်္ကာပူနိုင်ငံဆိုင်ရာ သုတေသနခေါင်းဆောင် ထရစ်ရှာဆုန်က ပြောကြားခဲ့သည်။
စံချိန်တင်မြင့်တက်ခဲ့သည့် ၂၀၁၃ ခုနှစ် တတိယသုံးလပတ်အောက်မူ ယခုနှစ် ပထသုံးလပတ်ပုဂ္ဂလိကအိမ်ဈေးများသည် ၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ယခုနှစ်ပထမသုံးလပတ်ဈေးနှုန်း မြင့်တက်မှုလမ်းကြောင်းအတိုင်းသာ ရှေ့အလားအလာ ဆက်လက်ဖြစ်ပွားပါက စင်္ကာပူပုဂ္ဂလိကလူနေအိမ်ဈေး
ညွှန်းကိန်းသည် ၂၀၁၈ တစ်နှစ်လုံးအတွက် ၁၀ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း၊ ပျမ်းမျှပုဂ္ဂလိကအိမ်ဈေးများသည် ယခုနှစ်တွင် ၈ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း ဆုန်က ခန့်မှန်းခဲ့သည်။
စင်္ကာပူတွင် ယခုနှစ်ပထမသုံးလအတွင်း စုစုပေါင်းအိမ်ခြံမြေရောင်းအားသည်
လည်း ရောင်းအားအကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့ပြီး စင်္ကာပူဒေါ်လာ
၁၀ ဒသမ ၈၄ ဘီလျံ ရှိခဲ့ကြောင်း၊ ယင်းသည် ၁၉၉၄ ခုနှစ်ကတည်းက ရောင်းအားအများဆုံးသုံးလပတ်ဖြစ်ကြောင်း JLL Singapore စင်္ကာပူအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
၎င်းပမာဏသည် ယခင်စံချိန်ဟောင်းဖြစ်သော ၂၀၁၇ ခုနှစ် ပထမသုံးလပတ်တွင် ရှိခဲ့သည့် ရောင်းအား စင်္ကာပူဒေါ်လာ ၅ ဒသမ ၅၅ ဘီလျံမှ ၉၅ ဒသမ ၂ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
စင်္ကာပူတွင် မြေနေရာများအား လေလံဆွဲဝယ်ယူမှုများ စံချိန်တင် များပြားလာမှုကြောင့် အနာဂတ်တွင် စင်္ကာပူပုဂ္ဂလိကအိမ်ဈေးများ ပိုမိုမြင့်တက်နိုင်ဖွယ်ရှိသည်ဟု Knight Frank Singapore အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ၏ သုတေသနခေါင်းဆောင် အဲလစ်တန်ကလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com