ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် ယူနက်စကိုတင်သွင်းမည့် မြောက်ဦး ယဉ်ကျေးမှုနယ်မြေမှ ကျူးကျော် အဆောက်အအုံများ ထားရှိရန် မြို့သစ်တစ်ခုကို စတင်ဖော်ဆောင်နေပြီဖြစ်ကြောင်း မြောက်ဦး ခရိုင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျူးကျော် အဆောက်အအုံများအတွက် ပြောင်းရွှေ့ပေးမည့် သတ်မှတ် မြေဧက ၆၀၀ ပေါ်တွင် ယန္တရားများဖြင့် မြေညှိခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဒေသခံတွေကို ယဉ်ကျေးမှု အဆောက်အအုံနဲ့ ပတ်သက်ပြီးတော့ နားလည်တန်ဖိုးထားတတ်ဖို့ ရှင်းလင်းပြရတယ်။ မြို့သစ်ကတော့ မဖြစ်မနေ ဖော်ရမှာပဲ။ လောလောဆယ် စက်ယန္တရားတွေနဲ့ မြေညှိနှိုင်းနေတယ်”ဟု ၎င်းကဆိုသည်။
အဆောက်အအုံများ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့သော မြေနေရာမှာ မြောက်ဦးမြို့နယ် မြောက်ဘက်ရှိ မော်ဖီကန်နှင့် အုတ်ခေါ်ကန်ကျေးရွာအနီးရှိ မြေဧက ၆၀၀ ကို ယာယီ သတ်မှတ်ထားခြင်းဖြစ်ပြီး ယဉ်ကျေးမှုဧရိယာနှင့် နီးစပ်မှုရှိသည့် မြေဧက ၁၀၀ ပေါ်တွင်မူ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ခွင့်ပြုမည် မဟုတ်ကြောင်း၊ ကျန်မြေဧက ၅၀၀ ပေါ်၌ လွတ်လပ်စွာ တည်ဆောက်ခွင့်ပေးမည်ဖြစ်ကြောင်း မြောက်ဦးခရိုင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ ဆက်လက် သိရသည်။
လက်ရှိတွင် အဆောက်အအုံများ မည့်သည့်ကာလတွင် အပြီးသတ် ပြောင်းရွှေ့ပေးရမည်ဟူသော အမိန့်ထုတ်ပြန်ချက်ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။
“ပြောင်းရွှေ့မယ့် အစီအစဉ်က အိုးအိမ်၊ ထွေ/အုပ်အဖွဲ့တွေနဲ့ လုပ်ဆောင်မှာပါ။ ပြောင်းရွှေ့မယ့်ရက်စွဲက ပြောဖို့လည်း ခက်နေသေးတယ်”ဟု ၎င်းကဆိုသည်။
မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ယူနက်စကို တင်သွင်းရန် စေတီ၊ ပုထိုးစာရင်းနှင့် အနုပညာ လက်ရာမြောက်မှု မှတ်တမ်းတင် အချက်အလက်များကို ပြုစုကာ အဆိုပြုလွှာ ရေးသားနေပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း အပြီးသတ် ပေးပို့ရမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
မြောက်ဦး ယဉ်ကျေးမှုဒေသသည် ကီလိုမီတာ ၅၀ ခန့်ကျယ်ဝန်းပြီး ဧရိယာအတွင်း ကျူးကျော် တည်ဆောက်ထားသော အစိုးရဌာနဆိုင်ရာ အဆောက်အအုံ အပါအဝင် ဘုန်းကြီးကျောင်းနှင့် လူနေ အိမ်များ ပါဝင်နေခြင်းကြောင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့သို့ အပြီးသတ် တင်ပြရာတွင် အဟန့်အတား မဖြစ်စေရန် ဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
Credit: The Voice