လောကရှိ လူတို့သည် တီထွင် ဆန်းသစ်မှုကို ဗီဇ အရလည်းကောင်း၊ တတ်မြောက်သိမြင် လာမှုကြောင့်လည်းကောင်း၊ ပြုလုပ်တတ် ကြသည်။ မိမိတို့ ညဏ်ရည်အလိုက်၊ အသက်အရွယ်အလိုက် ဖန်တီးမှုတို့ လုပ်တတ်ကြသည်။ အများအားဖြင့် နီးစပ်မှု နှင့် မျက်မြင်အရ စတင် လုပ်ကိုင်တတ်ကြ သည်က များသည်။ ထိုဖန်တီးမှုလေးတွေကိုပင် ကျွန်ုပ်တို့ မြတ်နိုးတန်ဖိုးထားကြ သည်။ ကြည့်မ၀ ရှုမ၀ဖြစ်ကြရသည်။
မိုးရွာ၍ဖြစ်ပေါ်လာသော ရေ စီးကြောင်းကြီးများတွင် မိုးရေရပ်တန့်သွား ၍ သဲချောင်းကြီးများအဖြစ် ကျန်ရစ်တတ် သည်။ ငယ်စဉ်က ထိုသဲချောင်းကြီးများ တွင်ထိုင်ကာ ခြေဖမိုးကို သဲတို့ဖို့၍ သဲ အိမ်ဆောက်ခဲ့ကြသည်။ မြင့်နိုင်သမျှ မြှင့် ကွန့်နိုင်သမျှ ကွန့်ပြီး တန်ဆာဆင် ခဲ့ကြသည်။ သဲအိမ်ဆောက်ခဲ့ကြသော် လည်း မြန်နိုးတန်ဖိုးထားစွာ တစိမ့်စိမ့် ကြည့်နေမိတတ်သည်။ ဘယ်သူမှမ၀င်အောင် သဲခြံစည်းရိုးခတ်ခဲ့ကြသည်။ နံနက်လင်းလို့ ကြက်ယက်၍ ၀က်ပက်၍ ပြိုပျက်သည်ကိုတွေ့ရတော့ နှမြောမဆုံး ဖြစ်ကြရသည်။
နောက်တစ်ခါ မိုးရွာလို့ ရေစိုနေသော သဲမြေလေးတွေဖြစ်လာ လျှင် အိမ်ထပ်ဆောက်ကြမည်ဟု မျှော် လင့်ကြုံးဝါးတတ်ကြသည်။
တန်ဖိုးကြီးကြီးမားမားပေးဆပ် တည်ဆောက်ကြရသည်မဟုတ်ခဲ့သော် လည်း ကလေးဘ၀၏ ဖန်တီးမှုလက်ရာ ကိုတော့ ကလေးစိတ်ဖြင့် မြတ်နိုးတန်ဖိုး ထားခဲ့မိကြသည်။ မပျက်စီးစေလိုသော စိတ်တို့ဖြစ်ခဲ့သည်။ လူတွေ၏ သမိုင်းဖြစ်စဉ်တစ် လျှောက်တွင် နေထိုင်ဖို့အတွက် နားခိုရာ အဆောက်အအုံတို့ကို ဖန်တီးတည်ဆောက် ခဲ့ကြသည်။ ရှေးဦးလူရိုင်းတို့ဘ၀တွင် ဖန်တီးတည်ဆောက်စရာ များပြားသော လူဦးရေ မရှိကြပါ။ ထို့ကြောင့် သဘာဝ အရ ဖြစ်နေသော လိုဏ်ဂူတို့တွင် စုပေါင်း နေထိုင်ခဲ့ကြသည်။ ထိုကဲ့သို့ ရှေးဦးလူ တို့ အဆင့်မှာတောင်မှ မိမိတို့နေထိုင်ရာ ဂူနံရံတို့တွင် ၎င်းင်းတို့မြင်သိစိတ်အရ ဖန်တီး ကြသော နံရံဆေးရေးတို့ကို မှတ်သားရေး ဆွဲခဲ့ကြရာ ယခုအခါ တန်ဖိုးထားစရာတစ်ခု အဖြစ် ရှိနေကြသည်။
လူတို့၏ နေထိုင်မှုဖြစ်စဉ်တွင် အဆင့်ဆင့် ပြောင်းလဲလာသော အိမ်ရာ အဆောက်အအုံတို့သည် ခေတ်အဆက် ဆက်မှ ယခုမျက်မှောက်ခေတ်ထိ ထင်ကျန် ရစ်သော အဆောက်အအုံတို့သည် ရှားပါး လာသည်။ သဘာဝတရားကြီး၏ အစစ် အဆေးကြောင့်လည်း အဆောက်အအုံ တို့လျော့နည်းလာကြသည်။
ခေတ်မီစကယန်္တရားကြီးများ၏ အကူအညီမရရှိသေးသောခေတ်က လူတို့သည် လူစွမ်းအားကိုပင် အသုံးချ၍ သက်ဦးစံပိုင်အမိန့်အာဏာတို့နှင့် မြို့ပြ ကြီးများကို တည်ဆောက်ခဲ့ကြသည်။ အမိန့်အာဏာကို ကြောက်၍ဖြစ်ဖြစ် ဆောက်ခဲ့ကြသည့် အဆောက်အအုံတို့ သည် တော်ရိလျော်ရိဆောက်ခဲ့ကြသည် တော့ မဟုတ်ပါ။ လူတို့၏ စွမ်းအားနှင့် ဗိသုကာအနုပညာဟန်တို့ကို သမိုင်း သက်သေအဖြစ် ယနေ့ခေတ်တွင် မြင်နေ ရသည်။
ထိုစဉ်အခါက မြေမှဖြစ်သော ပစ္စည်းများဖြင့်သာ အဓိကတည်ဆောက်ခဲ့ကြသည်။ ခိုင်ခံ့ထောက်ကူရာ သံထည် ပစ္စည်းတို့ပါလှသည်မဟုတ်ပါ။ အမိန့် အာဏာနှင့် ကုသိုလ်တရားတို့၏ ပြယုဒ် ပုဂံနေပြည်တော်ဟာ သက်သေအဟုတ် ဖြစ်ခဲ့သည်။ သို့သော်လည်း သဘာဝ၏ အစစ်အဆေးကို အကြိမ်ကြိမ်ခံ၍ ဆန် ခါတင်ကျန်ခဲ့တာတောင်မှ ကမ္ဘာမှာ သမိုင်းသက်သေအဖြစ် ပြသစရာခံ့ညား ၀ံ့ထည်နေပါသေးသည်။
နှစ်ပေါင်းထောင်ချီသက်သေ တည်နိုင်ခဲ့ကြသော ရှေးဟောင်းအဆောက် အအုံကောင်းတို့၏ အနုပညာတန်ဖိုး သမိုင်းတန်ဖိုး၊ ဗိသုကာတန်ဖိုးတို့ ရှေ့ ဆောင်လမ်းပြအပြည့်အ၀ သက်သေပန္တွက် စိုက်ထူခဲ့ကြသည်။
သဘာဝတရားကို မရှောင်လွဲ နိုင်၍များ ဒူးထောက်အရှုံးပေးပြီးနေခဲ့ ကြမည်ဆိုလျှင် ကမ္ဘာမှာပြစရာသမိုင်း ပုံရိပ်နှင့် လူမျိုးဂုဏ်ဟိတ်နည်းစရာဖြစ် နိုင်သည်။ သို့ပါသော်ငြားလည်း ကျွန်ုပ် တို့လူမျိုးသည် ကမ္ဘာမှာ သမိုင်းအဆင့် အတန်းမြင့်သော ပုံရိပ်သက်သေများကို ပြနိုင်ခဲ့ကြသည်။
လက်ရှိလူနေမှုဖြစ်စဉ်တွင် မြို့ပြလူဦးရေ၏ များပြား တိုးပွားလာသော အခြေအနေများကြောင့် အိမ်ရာ များ ပိုမိုလိုအပ်လာသည်။ ပေလေးဆယ်၊ ခြောက်ဆယ် မြေတစ်ကွက်တွင် လုံးချင်း အိမ်ဆောက်ပြီး နေရလောက်သည့် အခြေ အနေမဟုတ်တော့ရာ ပြန့်ကားတည် ဆောက်ခြင်းထက် မြင့်တက်တည်ဆောက် လာကြသည်။ ကိုလိုနီခေတ်က အများ ဆုံး အထပ်မြင့်မှာ သုံးထပ်သာတည် ဆောက်ခဲ့ကြသည်။ သို့ပါသော်လည်း အဆောက်အအုံတို့၏ ထောက်ကန်အား ကို ထုထည်ကြီးမားသော သံတိုင်ကြီးတို့ နှင့်ပင် ထောက်ထားပြီး တည်ဆောက် ခဲ့ကြသည်။ သံတန်းယက်မကြီးကြီးတို့ ကိုသုံးပြီး တည်ဆောက်ထားခဲ့ကြသည်။ အချို့သော အဆောက်အအုံတို့၏ နံရံ ထုထည်တို့သည် ထူထဲမှုရှိလှသည်ကို ထိုခေတ်ရှေးဟောင်းအဆောက်အအုံ တို့ကိုကြည့်လျှင် တွေ့နိုင်ပါသည်။ နှစ် ပေါင်း (၁၀၀)ကျော်သည့်တိုင် လူတို့ အသုံးပြုနေနိုင်လောက်အောင်ကောင်း မွန်သော အဆောက်အအုံတို့အဖြစ် ရှိ ကျန်နေကြသေးသည်။ အချို့သော လူ နေအဆောက်အအုံတို့ကား လူတို့၏ ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်း သဘာဝ တရား၏ ထိုးနှက်ခြင်းတို့ကြောင့် မြန်မြန် ယိုယွင်းခြင်းဖြစ်လာကြသည်ကို တွေ့ရ သည်။ ထူးခြားပြီး အနုပညာဗိသုကာ တန်ဖိုးပြောစရာ ပြစရာမရှိသည့် သက်တမ်းလွန် အဆောက်အအုံဟောင်းတွေ ကိုတော့ ဖြိုချဖျက်စီးပြီး
ခေတ်မီခိုင်ခန့် သော မြို့ပြလူနေအဆောက်အအုံတို့ စနစ်တကျ ပြောင်းလဲ
သင့်သည်။
သမိုင်းတန်ဖိုး၊ ဗိသုကာတန်ဖိုး ရှိသော ရှေးဟောင်းအဆောက်အအုံ တို့ကို တန်ဖိုးထားထိန်းသိမ်းမှုကို တစ်ဖက်က လုပ်ဆောင်ကြရမည်ဖြစ်သလို ခေတ်အခြေအနေအရ မြေနေရာရှားပါး မှုကြောင့် သိပ်သည်းလာသော လူဦးရေ တို့အတွက် လိုအပ်လာသော အိမ်ရာတိုက်တာ အဆောက်အအုံတို့ကိုလည်း တည်ဆောက်ဖြည့်ဆည်းကြရမည်က မဖြစ်မနေလုပ်ကြရမည့် တာဝန်ဖြစ်သည်။
ထိုအိမ်ရာအဆောက်အအုံ တို့ကို ဖော်ဆောင်ရာတွင် အစိုးရနှင့် လွှတ်တော်တို့၏ ခွင့်ပြုချက်ဖြင့် တည် ဆောက်ရသော စီမံကိန်းတို့ရှိသလို ပုဂ္ဂလိက အဖွဲ့အစည်းတို့က တည်ဆောက် သော အဆောက်အအုံတို့လည်း ရှိသည်။ မြို့ပြမြေယာပေါ်တွင် ဆောက်ကြသည့် မည်သည့်အဆောက်အအုံဖြစ်စေ လူတို့ နေထိုင်ရန်အတွက် ဖြစ်သည်ကိုတော့ မေ့ထားလို့ မရပေ။
ယခင်ခေတ်တွေအရ မြို့ပြ လူဦးရေ ယခုခေတ်လောက် ထူထပ်များ ပြားခြင်းမရှိ၍ အထပ်မြင့်အဆောက် အအုံ လိုအပ်မှုလည်း များစွာမလိုအပ် ခဲ့ပါ။ ယနေ့မြို့ပြလူဦးရေ၏ လိုအပ်ချက် အရ မိုးမျှော်အထပ်မြင့်အဆောက်အအုံ တို့ တည်ဆောက်ကြရသည်။ ထိုတည် ဆောက်မှုသည် ဆောက်လုပ်ရေးလုပ်ငန်း ခွင်တို့အတွက် အကျိုးအမြတ် ကိုယ့်အတွက်ကျန်ဖို့ဆိုသော စိတ်ဓာတ်ထက် မိမိတို့ ဖန်တီးပုံဖော်လိုက်သော အဆောက် အအုံတို့၏ အရည်အသွေး အဆင့်အတန်း ကိုလည်း ပြည့်မီအောင် မြန်နိုးတန်ဖိုး ထားရာတစ်ခုဖြစ်အောင် လုပ်ငန်းရှင်တို့ အနေနှင့်လည်း စိတ်ထားရှိဖို့လိုပါသည်။
ယခုအခါတွင် ကံကြမ္မာကိုဖော် ညွှန်းမည့် သဘာဝတရားတို့၏ အစစ် အဆေးသည် ကြိုတင်ရှေ့ပြေးနိမိတ်တွေ ပေးနေသည်ကို တွေ့ကြရသည်။ ၂၀၁၈ ဇန်န၀ါရီလအတွင်း လှုပ်ခတ်ခဲ့သော ငလျင်အရသာကို တိုက်တာအဆောက် အအုံ ထူထပ်များပြားလာသော ရန်ကုန် နယ်နိမိတ်သည် ကောင်းစွာခံစားခဲ့ရ သည်။ တိုက်တာအဆောက်အအုံပြိုကျ လောက်အောင် ပြင်းထန်သော အကျိုး သက်ရောက်မှုကိုတော့ မကြုံတွေ့ရပေ။
ယခုနောက်ပိုင်း ဆောက်လုပ် သော အဆောက်အအုံတို့သည် ငလျင် ဒဏ်ခံနိုင်ရန်အတွက် ထုတ်ထားသော ဒီဇိုင်း၊ သုံးထားသော ပစ္စည်းတို့နှင့် တည် ဆောက်လာကြသည်ကို တွေ့ရသည်။ သို့ပါသော်လည်း တကယ်တမ်း စံချိန် စံညွှန်းမီ၊ အရည်အသွေးမီ၊ ရာနှုန်းပြည့် ရှိရဲ့လားဆိုသည်ကိုတော့ စစ်ဆေးမှု သက်သေခံပါလိမ့်မည်။
ဘာတွေက စစ်ဆေးမည်နည်း။ လူတွေက စစ်ဆေးသည်။ စစ်ဆေးသူ လူတွေသည် မိမိအတတနောမတိအရ အဆုံးအဖြတ် ပေးတတ်ကြသည်။ ဘာမှ မဖြစ်သေးလျှင် ဘာမှမဖြစ်ဘူးပေါ့။ တစ် ခုခုဖြစ်လာခဲ့လျှင် ခေါင်းရှောင်လွှဲမှုတို့ ဖြင့် ကာကွယ်တတ်ကြသည်။ တာဝန်ခံမှု နည်းပါးကြသည်။ မိအေးထက်နှစ်ကြိမ် မကနာရသည်က ၀ယ်ယူနေထိုင်သူတွေ သာဖြစ်မည်။
သဘာဝတရားကြီးက ယခင် ကလည်း စစ်ဆေးသည်။ ယခုလည်း စစ် ဆေးမည်။ ဘာကိုထောက်၍ပြောရသနည်း။ ကြိုတင်ခန့်မှန်းတွက်ချက်၍ မရသေး သော သဘာဝဘေးဒဏ်တို့၏ အကြီးမားဆုံး ငလျင်ရှေ့ပြေးတွေက သက်သေပြ လာသည်ကို တွေ့ရသည်။
မိမိအိမ်ဂေဟာသည် မိမိကို မြှုပ်နှံရာသင်္ချိုင်းမြေဖြစ်မှာကို လူတို့စိုးရိမ် လာကြရသည်။ မိမိနေထိုင်ရာ အဆောက် အအုံသည် ထိုက်သင့်သော သဘာဝ ဘေးဒဏ်မှ ခံနိုင်ရည်ရှိရဲ့လားဟူ၍ စိုး ထိတ်လာကြရသည်။ ကမ္ဘာ့မြေပြင်ကို ထိုးခွဲတည်ဆောက်ရသော မိုးမျှော် အဆောက်အအုံတို့၏ဒဏ်ကို ကမ္ဘာမြေ အရေပြားက ယားယံလှုပ်ရှားလာ ပြီဖြစ် သည်။
လူတွေက လူတွေကိုထောက်ခံ အားပေးချီးမွမ်းခန်းဖွင့်ကြသည်။ တကယ် ကို လိပ်ပြာသန့်သန့်ခံယူဝံ့လားဆိုတာ ကိုတော့ ကာယကံရှင်သာ အသိဆုံးဖြစ် မည်။
ယခု လူ တို့နေထိုင်ရာ မြို့ပြ အဆောက်အအုံတို့ ဘယ်၍ဘယ်မျှ စံချိန် စံညွှန်းမီ ပစ်္စည်းကိရိယာ တွေ ထည့်သွင်းအသုံးပြု ခဲ့သည်ကို ကာယကံရှင်တွေ ဘယ်လောက် အမွှန်းတင်နေနေ သဘာဝတရားကြီး၏ အစမ်းအသပ်မှာ သက်သေပြဖို့ မကြာမတင်သောအချိန် တွင် ခံရပေတော့မည်။ ကြိုတင်ပြင်ဆင် နိုင်မှုကောင်းဝေးနိုင်သည်။ စံချိန်စံညွှန်း ကို ခိုခဲ့လျှိုခဲ့ပါလျှင် အချောင်ရောပါရ မည့်သူတွေသည် နေထိုင်သူ ပြည်သူပြည် သားများသာဖြစ်သည်။
သဘာဝတရားကို မရှောင်မလွဲ နိုင်သော်လည်း အထိအခိုက်နည်းအောင် တော့ လုပ်နိုင်ကြသည်။ ထိုလုပ်နိုင်သည့် ကိစ္စကိုသော်မှ လူတို့အကျိုးအမြတ် အတွက် အရည်အသွေးတို့ကို လျော့ခဲ့ ကြသည်။ ထို့ကြောင့် အစစ်အဆေးခံဖို့ သာ ပြင်ဆင်ကြရတော့မည်။ မြေဇာပင် ကလူတွေသာဖြစ်ကြရဦးမည်။
ဘိုးသာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com