ကျန်ရှိနေသည့် အစိုးရ သက်တမ်း သုံးနှစ်အတွင်း ငွေထုပ်ကြီးကြီးဖြင့် ရန်ကုန်မြို့တွင် လာ ရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြား သားစီးပွားရေးလုပ်ငန်းရှင်များကို ပြည်ပထွက်၍ ခေါ်ဆောင်မည်ဟု ဧပြီ ၂ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ပြုလုပ်သည့် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ် ငန်းကြီးများရောက်ရှိလာပါက တွဲဖက်ပြီး စက်ရုံအလုပ်ရုံများစွာ လည်းရှိနေခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရန် တိုင်း ဒေသကြီးအစိုးရက ဆောင်ရွက် မည်ဟု ၎င်းက ပြောသည်။
အခွန် ထမ်းဆောင်မှုနှင့် ကုမ္ပဏီထောင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များ လွယ် ကူစွာသိရှိနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ရန် ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို လာမည့် မေလ ၅ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အခွန်ကင်းလွတ် ခွင့်များ၊ အခွန်ထမ်းဆောင်ရမည့် ပမာဏများကို ရှင်းလင်းတိကျစွာ ဖော်ပြရန်စီစဉ်ထားသည်ဟု ၀န်ကြီးချုပ်က ပြောသည်။
ထို့အပြင် ရန်ကုန်တိုင်းအ တွင်းရှိ စက်မှုဇုန်အသစ်များတည် နေရာ၊ စက်မှုဇုန်များရှိ မြေဈေး နှုန်းများ၊ အလုပ်သမားများ၏ အခြေအနေများကိုလည်း ရှင်းပြ ပေးမည်ဟု ဆိုသည်။
ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် သည် ပထမအဆင့်ဖြစ်ပြီး ဒုတိယအဆင့်သည် ပြည်ပနိုင်ငံများသို့ ထွက်ပြီး နိုင်ငံခြားစီးပွားရေးလုပ် ငန်းရှင်များကို ကိုယ်တိုင်ထွက် ခေါ်မည်ဟု ၀န်ကြီးချုပ်က ဆို သည်။ ထို့အပြင် ရန်ကုန်တိုင်း၏ စီးပွားရေးကဏ္ဍအတွက် စင်ကာပူနိုင်ငံကဲ့သို့ ကုန်စည်စီးဆင်းမှုအ ချက်အချာကျသည့် နေရာတစ်ခု ဖြစ်လာစေရန် ပင်လယ်ဝတွင် ဆိပ်ကမ်းစီမံကိန်းတစ်ခုမကြာမီအကောင်အထည်ဖော်မည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဆိပ်ကမ်းစီမံကိန်းကို အ ကောင်အထည်ဖော်ရာတွင် ပြည်တွင်းကုန်စည်စီးဆင်းမှုအတွက် သာမက မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကုန်းတွင်း ပိတ်နိုင်ငံများအတွက်လည်း ရန်ကုန်အခြေပြုကုန်စည်စီးဆင်းမှုဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားသည်။
‘‘စင်ကာပူနိုင်ငံဆိုရင် သူ့ရဲ့ ထုတ်လုပ်နိုင်မှု အများကြီးမရှိပါ ဘူး။ ဒါပေမဲ့ ကုန်စည်စီးဆင်းမှုရဲ့ အချက်အချာကျတဲ့ နေရာတစ်ခု မှာရှိတဲ့အတွက် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအ ထောက်အကူဖြစ်ပါတယ်။ ဒါ ကြောင့်မို့လို့ ရန်ကုန်မြို့ဟာလည်း ဒီအခြေအနေတွေကို ဆောင်ရွက် ဖို့ ပြင်ဆင်နေပါတယ်’’ဟု ဦးဖြိုး မင်းသိန်းက ပြောသည်။
နိုင်ငံတကာရှိ ဆိပ်ကမ်းများ သည် ဆယ်စုနှစ် ၂ ခုအတွင်း တိုး တက်ပြောင်းလဲမှုများစွာရှိနေ သော်လည်း သီလ၀ါဆိပ်ကမ်းမှ အပ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများ သည် အင်္ဂလိပ်ကိုလိုနီလက်ထက် တည်ဆောက်ခဲ့သည့် အခြေအနေအတိုင်း ယနေ့အချိန်ထိ သုံးစွဲနေရသည်ဟု ၀န်ကြီးချုပ်က ဆို သည်။
ရန်ကုန်မြို့ကို ဆိပ်ကမ်းမြို့ အဖြစ် အကောင်အထည်ဖော်ပြီး စီးပွားရေးတိုးတက်ရန် ဆန္ဒရှိနေ သော ၀န်ကြီးချုပ်က ရန်ကုန်အ ခြေပြုကုန်စည်စီးဆင်းမှုကို အ ကောင်အထည်ဖော်လိုနေသည်။ ‘‘ကုန်းတွင်းပိတ် အိမ်နီးချင်းနိုင်ငံ တွေကို ပင်လယ်ရေကြောင်းအ သုံးချနိုင်ဖို့အထိ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်’’ဆိုသည့် ပြောစကားကို စီးပွားရေးလုပ်ငန်း ရှင်များရှေ့တွင် ၀န်ကြီးချုပ်က ထုတ်ဖော်ပြောကြားသည်။
Credit: 7Daydaily