ဗြိတိန်အခြေစိုက် Black Global Concierge ကုမ္ပဏီသည် စကော့တလန်ရှိ ၁၉ ရာစု ရဲတိုက်ကြီးကို အာရပ်ရင်းနှီးမြှုပ်နှံသူများထံ ရောင်းချရန် ကမ်းလှမ်းလိုက်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
၁၈၆၁ ခုနှစ်ခန့်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စကော့တလန်၏ မြို့တော် အီဒင်ဘာ့ဂ်ျအနီးတွင် တည်ရှိသည်။
မြေအကျယ်အဝန်းမှာ ၂၈ ဧကခန့်ရှိပြီး လှပသည့်ပန်းဥယျာဉ်များစွာ ပါဝင်သည်။
ဂရုတစိုက် မွမ်းမံထားသည့် မြက်ခင်းများ၊ သစ်ကြီးဝါးကြီးများစွာ ဖုံးလွှမ်းလျက်ရှိသည့် နေရာများပါဝင်ပြီး ခြံဝန်းအတွင်းရှိ ထင်းရှုးမျိုးများမှာ နှစ်ပေါင်း ၄၀၀ ခန့်သက်တမ်းရှိပြီး စကော့တလန်တွင် သက်တမ်းအရင့်ဆုံးလည်းဖြစ်သည်။
အဆိုပါ အနီရောင်ရဲတိုက်ကြီးသည် စကော့တလန်၏မြို့တော် အီဒင်ဘာ့ဂ်ျနှင့် နာရီဝက်ခရီးသာ ဝေးကွာသည်။
အီဒင်ဘာ့ဂ်ျသည် ယူနက်စကိုက ကမ္ဘာ့သမိုင်းအမွေအနှစ်နေရာအဖြစ် သတ်မှတ်ခြင်းခံထားရသည့်မြို့ဖြစ်ပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၃ ဒသမ ၈၅ သန်းခန့် လာရောက်လည်ပတ်လေ့ရှိကြသည်။
ဗြိတိန်တွင် လန်ဒန်ပြီးလျှင် ဒုတိယမြောက်ကမ္ဘာလှည့်ခရီးသည် အလာရောက်ဆုံးနေရာလည်း ဖြစ်သည်။
သမိုင်းဝင်ဖြစ်မှုအပြင် Harvey Nichols ကဲ့သို့ဆိုင်ကြီးများမှ တန်ဖိုးကြီးပစ္စည်းများ ဝယ်ယူနိုင်ခြင်းနှင့်အတူ Louis Vuitton နှင့် Burberry ကဲ့သို့ ဒီဇိုင်နာများထံမှလည်း အမှတ်တရများ ဝယ်ယူနိုင်ခြင်းမှာလည်း အရေးပါသည့် ဆွဲဆောင်မှုတစ်ရပ်ဖြစ်လေသည်။
Cringletie House ဟု အမည်ရသည့် အဆိုပါရဲတိုက်ကြီးကို ၁၉၇၀ ပြည့်လွန်ကာလများမှ စတင်ကာ ဟိုတယ်တစ်လုံးအဖြစ် အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။
လက်ရှိပိုင်ရှင်များက ၂၀၀၃ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ခေတ်မီပြုပြင်မှုများ ကြီးမားစွာ ပြုလုပ်ခဲ့ကြသည်။
ပြင်ပရှိ ပန်းဥယျာဉ်များ၊ စကော့တလန်ကျေးလက်အလှတို့နှင့်အတူ ခမ်းနားစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ကာ အတွင်းပိုင်းကို လှပခမ်းနားစွာ ပြုပြင်မွမ်းမံခဲ့သည်။
“အာရပ်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စကော့တလန်ရဲ့ သမိုင်းကြောင်းတစိတ်တဒေသကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် Cringletie House ဟာ စိတ်လှုပ်ရှားဖွယ်ရာ ရှားရှားပါးပါး အခွင့်အရေးတစ်ခုပါ။ အမြတ်အစွန်းရတဲ့လုပ်ငန်းဖြစ်ပြီးတဲ့အပြင် စကော့တလန်ရဲ့ မြို့တော် အီဒင်ဘာ့ဂ်ျနဲ့ နီးစပ်မှုကလည်း အလားအလာကောင်းတွေ ရစေမှာ ဖြစ်ပါတယ်” ဟု Black Global Concierge မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။
“ဒီအဆောက်အအုံမှာ ရှိပြီးသားစီးပွားရေးလုပ်ငန်းအပြင် spa တွေ ၊ ရေကူးကန်တွေ အခြားအဆောက်အအုံတွေကို ၂၈ ဧကခြံဝန်းထဲမှာ ဆက်လက်တိုးချဲ့နိုင်ပါတယ်။ လက်ရှိလုပ်ငန်းကို မလုပ်လိုတဲ့ ဝယ်လက်တွေအနေနဲ့လည်း သီးသန့်လူနေအိမ် (ဒါမှမဟုတ်) ဇိမ်ခံလူနေခန်းတွေအဖြစ် ပြောင်းလဲတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)