အင်ဒိုနီးရှားနိုင်ငံတွင် Lippo Group မှ အကောင်အထည်ဖော်လျက်ရှိသော မိုင်ကာတာအမည်ရှိ လူနေမြို့ တော်သစ်ကြီးတွင် ကျန်းမာရေး၊ ဘဏ္ဍာရေးဆိုင်ရာနည်းပညာ၊ ပညာရေးနှင့် နည်းပညာသုတေသနကဏ္ဍတို့တွင် ကန်ဒေါ်လာ သန်း ၈၅၀ ခန့် ပါဝင်ရင်းနှီးမြှုပ်နှံရန်အတွက် ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီကြီး ၁၉ ခုက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
Lippo Group က အင်ဒိုနီးရှားတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် အဓိက မဏ္ဍိုင်ကြီး ၅ ရပ်ကို တိုးတက်ဖွံ့ဖြိုးလာစေမည်ဟု ကတိကဝတ်ပြုထားရာ မိုင်ကာတာမြို့ တော်သစ် စီမံကိန်းမှာ အရေးပါသည့်အခန်းကဏ္ဍက ပါဝင်နေသည်။
Lippo Group မှ ကတိကဝတ်ပြုထားသည့် မဏ္ဍိုင်ကြီး ၅ ရပ်မှာ (၁) အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးစနစ် ဆန်းသစ်တီထွင်ခြင်း (၂) အဆင့်မြင့်နည်းပညာဆိုင်ရာ ဗဟိုစီးပွားရေးခရိုင် (CBD) နှင့် သုတေသနဗဟို၊ (၃) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဗဟို (၄) အနုပညာ၊ ယဉ်ကျေးမှုနှင့် ပညာရေးစင်တာ (၅) သဘာဝပတ်ဝန်းကျင် မထိခိုက်စေမည့် လူနေမှုစနစ်တို့ ဖြစ်ကြသည်။
မိုင်ကာတာ ဥက္ကဌဖြစ်သူ ကီတပ် ဘူဒီ ဝိဂျယက ပြောကြားရာတွင် “အခုသဘောတူညီချက်က ဘာကိုပြနေသလဲဆိုရင် မိုင်ကာတာဟာ အနာဂတ်ရဲ့ မော်ဒန်မြို့ သစ်တစ်ခုဖြစ်တယ်လို့ ကမ္ဘာ့အသိုက်အဝန်းက အသိအမှတ်ပြုလိုက်တယ်ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ အစရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ အင်စတီကျူးရှင်းတွေ ရှိလာမှုဟာ မိုင်ကာတာကို လူနေထိုင်မှု သက်သက်ဆိုတာထက် ပိုမိုတဲ့အရာ ဖြစ်လာစေမှာ ဖြစ်ပါတယ် ” ဟု ဆိုသည်။
လွှတ်တော်ဥက္ကဌ ဘန်ဘန် ဆိုဆက်ယိုက ပြောကြားရာတွင် “မိုင်ကာတာမှာ ဒီလိုအင်စတီကျူးရှင်းတွေရဲ့  အရင်းအနှီးသွင်းအားစု၊ နည်းပညာ၊ အတွေ့အကြုံတွေ ရှိလာမှုဟာ အစိုးရရဲ့  အမျိုးသားဖွံ့ဖြိုးရေးအမြင်ကို အထောက်အပံ့ဖြစ်စေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ပြောကြားသည်။
မိုင်ကာတာနှင့် နားလည်မှုသဝဏ်လွှာ လက်မှတ်ရေးထိုးခဲ့သည့် အင်စတီကျူးရှင်းများမှာ..
1. ကိုလံဘီယာတက္ကသိုလ်၏ ဆေးပညာစင်တာ (CUMC)
2. University of North Carolina မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်
3. University College London (UCL)
4. World Trade Center
5. Genesis Rehab Services (GRS)
6. HTC Corporation
7. China Telecom Global Limited
8. ACSC & CFLP International Logistic
9. Seafirst Technologies
10. Union Space
11. Rework
12. USA Dunham Bush Refrigeration Equipment Inc
13. e-Shang Redwood (ESR)
14. Shanghai Infin Technology
15. Nagase Indonesia
16. Micro Focus
17. JM Eagle
18. Zhong Ying Finance
19. Lausanne Hotel Management Institute တို့ ဖြစ်ကြသည်။
မိုင်ကာတာ မြို့ တော်သစ် စီမံကိန်း၏ ပထမဆင့်တွင် မြေနေရာအကျယ်အဝန်း စတုရန်းမီတာ ၂၂ သန်းရှိမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက စတင်ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီလတွင် ဆောက်လုပ်ရေးလုပ်ငန်းများစတင်ခဲ့ရာ ကနဦးအဆင့်တွင် မိုးမျှော်တိုက်ပေါင်း ၁၀၀ ဆောက်လုပ်မှု လုပ်ငန်းကို စတင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မိုးမျှော်တိုက်များသည် ၃၅ ထပ်မှ ၄၆ ထပ်အကြား မြင့်မားကြမည် ဖြစ်သည်။
ယခုစီမံကိန်းဖြင့် အလုပ်အကိုင်နေရာပေါင်း ၆၅၀၀၀ အထိ ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားသည်။
အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုသူများအနေဖြင့် Lippo Group ၏ သတင်းအချက်အလက်နှင့် ပြင်ပဆက်ဆံရေးဆိုင်ရာ ဒါရိုက်တာ Danang Kemayan Jati ထံသို့ danang.j@lippokarawaci.co.id အီးမေးလိပ်စာမှတဆင့် စာရေးသား မေးမြန်းနိုင်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)