ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီ စုံတွဲကို ဟောလိဝုဒ်၏ power couple ဟု ခေါ်ကြသည်။
၎င်းတို့စုံတွဲမပေါ်ပေါက်မီ အသံတိတ်ရုပ်ရှင်ခေတ်ဦးဖြစ်သော ၁၉၂၀ ပြည့်လွန်ကာလများတွင်လည်း ဟောလိဝုဒ်တွင် power couple ရှိခဲ့ဖူးရာ ရုပ်ရှင်မင်းသမီး မေရီ ပစ်ခ်ဖို့ဒ်နှင့် ခင်ပွန်းဖြစ်သူ ဒေါက်ဂလပ် ဖဲရ်ဘန့်ခ်တို့ ဖြစ်ကြသည်။
ဖဲရ်ဘန့်ခ်တို့ စုံတွဲက လော့စ်အိန်ဂျလိရှိ နာမည်ကျော် ဘီဗာလီဟေးလ်တွင် ၁၈ ဧကကျယ်ဝန်းသော ခြံဝန်းကြီးတစ်ခုကို ၁၉၁၉ ခုနှစ်အတွင်း ဝယ်ယူခဲ့ကြသည်။
ခြံဝန်းအတွင်းတွင် အမဲလိုက်စခန်းချ သစ်လုံးအိမ်တစ်လုံးသာ ရှိသည်။
နာမည်ကျော် ကယ်လီဖိုးနီးယားဗိသုကာပညာရှင် ဝေါလေ့စ် နက်ဖ်က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး အခန်းပေါင်း ၂၂ ခန်းအထိ ပါဝင်သည်။
ပစ်ခ်ဖို့ဒ်နှင့် ဖဲရ်ဘန့်ခ်တို့ဇနီးမောင်နှံက ဟောလိဝုဒ်မိတ်ဆွေ အကျော်အမော်များကို ယင်းနေအိမ်တွင် ဧည့်ခံလေ့ရှိခဲ့ပြီး ဇနီးမောင်နှံ ၂ ဦး၏ အမည်တစ်လုံးစီပေါင်းစပ်ကာ “ပစ်ခ်ဖဲရ်စံအိမ်” ဟု အမည်ပေးခဲ့ကြသည်။
ပစ်ခ်ဖဲရ်တွင် ကျင်းပခဲ့သော ညစာစားပွဲများကို တက်ရောက်ခဲ့သူများတွင် ချာလီချက်ပလင်၊ ဂျော့ခ်ျ ဘားနတ်ရှော၊ အိတ်-ဂျီ-ဝဲလ်စ်နှင့် အက်ဖ်-စကော့ ဖစ်ဂါရဲလ်ဒ်တို့ အပါအဝင်ဖြစ်သည်။
ပစ်ဖဲရ်ဇနီးမောင်နှံသည် အဆိုပါနေအိမ်တွင် အမျိုးသမီးအိမ်ဖော်တစ်ဦး၏ ဝိဥာဉ်ကို မကြာခဏ တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။
၁၉၃၆ ခုနှစ်တွင် ကွာရှင်းပြတ်စဲကြရာ မေရီပစ်ခ်ဖို့ဒ်က နေအိမ်ကို ရယူပိုင်ဆိုင်ခဲ့သည်။
မေရီပစ်ခ်ဖို့ဒ်သည် နောက်ပိုင်းတွင် ချားလ်စ် ဘတ်ဒီ ရော်ဂျာစ်နှင့် လက်ထပ်ခဲ့သည်။
၁၉၇၉ ခုနှစ်တွင် မေရီပစ်ခ်ဖို့ဒ်ကွယ်လွန်သွားသောအခါ ချားလ်စ် ရောဂျာသည် ယင်းနေအိမ်တွင် ဆက်လက်နေထိုင်ခဲ့ရာ ဝတ်ရုံဖြူဝတ်ဆင်ထားသည့် အမျိုးသမီးတစ္ဆေကို မကြာခဏ တွေ့မြင်ရပြီး မေရီပစ်ခ်ဖို့ဒ်ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။
သို့အတွက် ချားလ်စ် ရော်ဂျာက နေအိမ်ခြံဝန်းကြီးကို ခွဲစိတ်ကာ အရောင်းဈေးကွက်တင်ခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင်ကား လော့စ်အိန်ဂျလိအခြေစိုက် ဘတ်စ်ကက်ဘောအသင်းဖြစ်သော L.A. Lakers ၏ ပိုင်ရှင် ဂျယ်ရီဘတ်စ်က ဝယ်ယူခဲ့သည်။
နောက်ပိုင်းတွင် နေအိမ်ကြီးအတွင်း တစ္ဆေသရဲများကို တွေ့မြင်ရသူများ၊ ခြောက်လှန့်ခံရသူများ အလွန်များပြားလာခဲ့သည်။
အဖြူရောင်ဝတ်ရုံဝတ် အမျိုးသမီးသရဲအပြင် အမျိုးသားသရဲကိုပါ အဝင်ခန်းမတွင် တွေ့လာရသည်ဟု ဆိုသည်။
၁၉၈၈ ခုနှစ်တွင် ပီယာ ဇာဒိုရာနှင့် ခင်ပွန်းဖြစ်သူ ကီရှုလမ် ရစ်ခ်လစ်စ်တို့က နေအိမ်ကြီးကို ဝယ်ယူခဲ့ပြီး ပြုပြင်မွမ်းမံမှုများ ပြုလုပ်မည်ဟု ကတိပေးခဲ့သည်။
သို့ရာတွင် သရဲအလွန်ခြောက်သောကြောင့် ဖျက်သိမ်းလိုက်ကာ နေအိမ်သစ်တစ်လုံး ပြန်လည်ဆောက်လုပ်ခဲ့သည်။
ဟောလိဝုဒ်အသိုင်းအဝိုင်းက သမိုင်းဝင်နေအိမ်ကြီးတစ်လုံး ဆုံးရှုံးသွားရခြင်းအတွက် များစွာဝမ်းနည်းခဲ့ကြသော်လည်း ပီယာတို့၏ ယူဆချက် မှန်ကန်ခဲ့သည်ဟု ဆိုရမည်။
နေအိမ်သစ်ပြန်လည်ဆောက်လုပ်ပြီးနောက်တွင် ခြောက်လှန့်မှုများ မကြုံရတော့ဟု ဆိုသည်။
ယခုအခါ အဆိုပါ ပြန်လည်ဆောက်လုပ်ထားသည့် နေအိမ်ကြီးမှာ အရောင်းဈေးကွက်ရောက်နေပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ သန်း ၆၀ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)