စင်္ကာပူ၌ New Futura ဇိမ်ခံကွန်ဒိုကို မကြာသေးမီက မိတ်ဆက်ရောင်းချခဲ့ရာ
ရောင်းချခဲ့ရသည့် အခန်း ၄၈ ခန်းတွင် ရာခိုင်နှုန်း ၆၀ နီးပါးကို နိုင်ငံခြားသား
များက ဝယ်ယူခဲ့ကြသည်။ ထိုအံ့အားသင့်ဖွယ်အားကောင်းသော ရောင်းအားက
စင်္ကာပူသို့ နိုင်ငံခြားဝယ်လိုအား ပြန်လည်မျက်စိကျလာပြီဖြစ်ကြောင်း
ညွှန်ပြနေသည်ဟု DBS Equity Research သုတေသနကုမ္ပဏီက
သုံးသပ်ခဲ့သည်။
New Futura ဇိမ်ခံကွန်ဒို၏ အခန်း ၁၈ ခန်းကို ပျမ်းမျှ ၁ စတုရန်းပေလျှင်
စင်္ကာပူဒေါ်လာ ၃,၂၀၀ ဖြင့် ရောင်းချခဲ့ရခြင်းဖြစ်သည်။
စင်္ကာပူဇိမ်ခံအိမ်ခြံမြေဈေးကွက်သည် အခြားကမ္ဘာ့ဇိမ်ခံအိမ်ခြံမြေဈေးကွက်များ
ထက် ပိုမိုဆွဲဆောင်မှုရှိသည်ဟု ယူဆခံရသည့်သဘောလည်း ဖြစ်ကြောင်း JLL
ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲမှုကုမ္ပဏီ၏ အမျိုးသားဒါရိုက်တာ အွန်တက်ဟွေက
ပြောကြားခဲ့သည်။
"စင်္ကာပူပုဂ္ဂလိကလူနေအိမ်ဈေးကွက်ဟာ ပြန်လည်နာလန်ထူမှုရဲ့
ကနဦးအဆင့်မှာ ရောက်ရှိနေပြီး ရည်ရှည်မှာ ဈေးနှုန်းတွေ
ပြန်လည်မြင့်တက်စေမှာပါ။ မဲလ်ဘုန်း၊ ဆစ်ဒနီ၊ ဟောင်ကောင်နဲ့
တိုကျိုတို့က သူတို့ရဲ့ဈေးကွက်စက်ဝိုင်းတွေရဲ့ အထွတ်အထိပ်နားမှာပါ။
လန်ဒန်ဈေးကွက်ကတော့ အကျဘက်ရောက်နေပါတယ်" ဟုလည်း သူက
ပြောကြားခဲ့သည်။
စင်္ကာပူဇိမ်ခံအိမ်ဈေးကွက်၌ နိုင်ငံခြားဝယ်လိုအား မြင့်တက်လာကြောင်း၊
နိုင်ငံခြားဝယ်လက်အရေအတွက်လည်း မြင့်တက်လာကြောင်း Cushman and
Wakefield အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ၏ သုတေသနဒါရိုက်တာ
ခရစ္စတင်းလီကလည်း ပြောကြားခဲ့သည်။ နိုင်ငံခြားသားဝယ်လက်များ၏
ဝယ်ယူမှုများသည် ၂၀၁၆ ခုနှစ်တွင် ၅၅၃ ခန်း ရှိခဲ့ရာမှ ၂၀၁၇ တွင် ၆၃
ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အခန်းပေါင်း ၉၀၀ ရှိခဲ့သည်။
အချို့နိုင်ငံခြားသားများသည် အခွန်သက်သာရန်အတွက် အိမ်အရင်ဝယ်ရေးထက်
အမြဲတမ်းနေထိုင်ခွင့် (PR) အရင်ရရှိရန် ကြိုးပမ်းကြသည်ကိုလည်း
တွေ့ရကြောင်း သူမက ပြောကြားခဲ့သည်။
"မရေရာတဲ့ ကမ္ဘာ့စီးပွားေးရးအခြေအနေကြောင့် နိုင်ငံခြားသားတွေဟာ
သူတို့စည်းစိမ်တွေကို ထိန်းသိမ်းဖို့အတွက် လုံခြုံတဲ့နေရာရှာနေကြတာကြောင့်
၂၀၁၈ မှာ နိုင်ငံခြားဝယ်လိုအား ဆက်တက်မယ်လို့ ကျွန်မတို့ ခန့်မှန်းရပါတယ်"
ဟုလည်း သူမ ပြောကြားခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com