နိုင်ငံတကာအဆင့်မီ ရွှေ၊ ကျောက်မျက်နှင့် သတ္တုဗဟိုဈေးကွက်ကို ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါဗဟိုဈေးကွက်တွင် ရွှေထည်နှင့် ကျောက်မျက်ရတနာဆိုင်များ၊ ရှေးဟောင်းပစ္စည်း အရောင်းပြခန်းများ၊ ရိုးရာပစ္စည်းအရောင်းပြခန်းများ၊ ကျောက်မျက်ရတနာ စမ်းသပ်စစ်ဆေးခန်း၊ ဘဏ်၊ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုနှင့် အပြည်ပြည်ဆိုင်ရာ ရွှေစတော့ဈေးကွက် အရောင်းအဝယ်နေရာများ ပါဝင်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
“အခုက ဗဟိုဈေးကွက်လုပ်မယ့် အဆောက်အအုံက ဆောက်နေတုန်းပဲ ရှိသေးတယ်။ ပြီးသင့်သလောက် ပြီးနေပါပြီ။ ကျောက်မျက်တွေဆိုတာ သိတဲ့အတိုင်းပဲ ပြပွဲကြီးတွေလုပ်ပြီးမှ နိုင်ငံတကာ ကုန်သည်တွေကို ရောင်းနေတာ။ ဗဟိုဈေးကွက် ဖြစ်လာမယ်ဆိုရင် Open Market ဖြစ်လာမယ်။ ရွှေဈေးကွက်လိုပဲ လွတ်လွတ်လပ်လပ် ရောင်းဝယ်လာနိုင်မယ်”ဟု ကျောက်မျက်လုပ်ငန်းရှင် ဦးသောင်းထွန်းက ပြောကြားသည်။
ရွှေလုပ်ငန်းများအနေနှင့် ပြီးခဲ့သည့်နှစ်များကပင် ရွှေဗဟိုဈေးကွက်ကို အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သော်လည်း မြေနေရာအခက်အခဲ၊ နည်းပညာ အခက်အခဲများကြောင့် အချိန်ကြန့်ကြာခဲ့ရပြီး ယခုအခါ အစိုးရက စီစဉ်ဆောင်ရွက်ပေးသည့်အတွက် ပိုမိုအဆင်ပြေလာကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။
ရွှေ၊ ကျောက်မျက်နှင့် သတ္တုလုပ်ငန်းများ၏ ဗဟိုဈေးကွက်ကို ဆောင်ရွက်ပေးခြင်းအားဖြင့် တရားမဝင် ရောင်းဝယ်မှုများပပျောက်၍ တရားဝင်လမ်းကြောင်း ပေါ်လာသည့်အတွက် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာများ ပိုမိုရရှိနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Credit: The Voice