ယူအေအီးနိုင်ငံ၏ လူလုပ်ကျွန်းစုဖြစ်သော The World ကျွန်းစုတွင် အသင့်ဆောက်လုပ်ပြီးသား အစိတ်အပိုင်းများဖြင့် ဆောက်လုပ်သည့် ဇိမ်ခံနေအိမ်များ တည်ဆောက်ရန် သီးသန့်အခွင့်အရေးကို ဖိလစ်ပိုင်ကုမ္ပဏီ
တစ်ခုက ရရှိသွားပြီဖြစ်သည်။
လများစွာကြာ ညှိနှိုင်းဆွေးမှုများ ပြုလုပ်ပြီးနောက် Revolution Precrafted ကုမ္ပဏီက ယူအေအီးပြည်မကြီးနှင့်မလှမ်းမကမ်းရှိ ထိုကျွန်းစုတွင် ကွန်ဒိုအဆောက်အအုံများ၊ တိုက်ခန်းအဆောက်အအုံများနှင့် ဗီလာလုံးချင်းများ ဒီဇိုင်းဆွဲ၊ ပစ္စည်းပေးသွင်း၊ တည်ဆောက်ရန် ဒူဘိုင်းအခြေစိုက် developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) Seven Tides နှင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလျံတန်သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်း သိရသည်။
Seven Tides ကုမ္ပဏီသည် ဒေသခံများနှင့် ဧည့်သည်များအတွက် ဆိပ်ခံ
ဗောတံတားတစ်ခုကို တည်ဆောက်မည်ဖြစ်ကာ ထိုအသင့်ဆောက်နေအိမ်များ
အတွက် ဥယျာဉ်ခြံမြေရှုခင်းနှင့် ရေမီးရရှိမှုစသည်တို့ကိုလည်း ကြီးကြပ်မည်
ဖြစ်သည်။ ထိုနေအိမ်များတွင် အိပ်ခန်းနှစ်ခန်းနှင့် အိပ်ခန်းသုံးခန်းတို့ ပါဝင်မည်ဖြစ်သည်။
"အဲ့ဒီကွန်ဒိုတွေ၊ တိုက်ခန်းတွေနဲ့ ဗီလာတွေရဲ့ အဆင့်မြင့်မားမှုက The World ကျွန်းစုရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို ထပ်မံမြှင့်တင်ပေးမှာ ဖြစ်ပါတယ်" ဟု Seven Tides ၏ အမှုဆောင်အရာရှိချုပ် အက်ဘ်ဒူလာဘင်ဆူလာယမ်က ပြောကြားခဲ့သည်။
Revolution Precrafted ကုမ္ပဏီသည် Pritzker ဆု ခြောက်ဆုရ ဗိသုကာပညာရှင်းများအပါအ၀င် ကမ္ဘာ့နာမည်ကျော်ဒီဇိုင်းပညာရှင် ၇၂ ဦး ဒီဇိုင်းထုတ်ထားသော အသင့်ဆောက်လုပ်ပြီးသား ကွန်ဒို၊ တိုက်ခန်း၊ ဗီလာ နေအိမ်အစိတ်အပိုင်းများကို ထုတ်လုပ်သည်။
"The World ကျွန်းစုနဲ့ကိုက်ညီတဲ့ အဆင့်မြင့်ကွန်ဒို၊ တိုက်ခန်း၊ ဗီလာတွေရဲ့ ဒီဇိုင်းအမိုက်စားတွေနဲ့ အသင့်ဆောက်လုပ်ပြီးသား နေအိမ်အစိတ်အပိုင်းတွေကို ထုတ်လုပ်မှာဖြစ်ပါတယ်" ဟု Revolution Precrafted ၏ တည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ် ရောဘီအန်တိုနီယိုက ယခုလလယ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com