ဟောင်ကောင်၏ နာမည်ကျော် ဈေးဝယ်စင်တာများ စုဝေးရာ Causeway Bay အရပ်တွင် စတုရန်း ၁၂ မီတာ ( ၁၂၉ စတုရန်းပေ ) သာ ကျယ်ဝန်းသည့် ဈေးဆိုင်ခန်းငယ်တစ်ခုကို ကန်ဒေါ်လာ ၂၃ သန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယခုအရောင်းအဝယ်မှာ အာရှတိုက်တွင် ဈေးအကြီးဆုံး ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေအဖြစ် စံချိန်တင်ခဲ့သည်။
ဟောင်ကောင်၏ နာမည်ကျော် ဈေးဝယ်စင်တာဖြစ်သည့် Times Square အနီးတွင် တည်ရှိသည်။
Matheson လမ်း၊ အမှတ် ၇၇-၈၃ အဆောက်အအုံတွင်ဖြစ်ပြီး လက်ရှိအားဖြင့် လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ဟောင်ကောင်ဒေါ်လာ သန်း ၁၈၀ ( ကန်ဒေါ်လာ ၂၃ ဒသမ ၁၇ သန်း) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ရာ တစ်စတုရန်းပေလျှင် ကန်ဒေါ်လာ ၁၇၈၀၀၀ (တစ်ပေပတ်လည်လျှင် မြန်မာငွေ သိန်း ၂၃၀၀ ကျော်) ကျသင့်ခဲ့ခြင်း ဖြစ်သည်။
ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တို့၏ ထုတ်ဖော်ချက်အရ ဝယ်ယူသွားသူမှာ CSI Properties Limited ဥက္ကဌ မီကိုချောင် ချိုရီဖြစ်သည်ဟု ဆိုသည်။
မစ္စတာချောင်က ထုတ်ဖော်ပြောကြားရာတွင်မူ မိတ်ဆွေတစ်ဦး၏ ကိုယ်စားဝယ်ယူပေးခဲ့ခြင်းသာဖြစ်သည်ဟု ငြင်းဆိုထားသည်။
လက်ရှိအားဖြင့် လျှပ်စစ်ပစ္စည်းဆိုင်တစ်ခုသို့ တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၁၈၀၀၀၀ ဖြင့် အငှားချထားသည်။
ချီကာဂိုအခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ JLL မှ ထုတ်ပြန်ခဲ့သည့် လေ့လာချက်တစ်ရပ်အရ ဟောင်ကောင်အိမ်ခြံမြေဈေးနှုန်းများသည် အာရှတိုက်တွင် ဈေးနှုန်းအမြင့်မားဆုံးဖြစ်သည်ဟု ဆိုသည်။
အထူးသဖြင့် ယခုအရောင်းအဝယ်ဖြစ်ခဲ့သည့် ဆိုင်ခန်းတည်ရှိရာ Causeway Bay အရပ်မှာ ဟောင်ကောင်၏ အိမ်ခြံမြေဈေး အမြင့်မားဆုံးနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)