စင်္ကာပူသည် ကမ္ဘာ့နေထိုင်မှုကုန်ကျစရိတ်အများဆုံးမြို့အဖြစ် ကမ္ဘာ့ထိပ်တန်း
သုတေသနလုပ်ငန်း Economist Intelligence Unit (EIU) ၏ ကမ္ဘာတစ်ဝန်း
နေထိုင်မှုကုန်ကျစရိတ်စစ်တမ်းတွင် ထိပ်ဆုံးမှ ရပ်တည်လာခဲ့သည်မှာ ယခုနှစ်တွင် ငါးနှစ်ဆက်တိုက်ရှိပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်စစ်တမ်း၏ ထိပ်တန်း ၁၀ မြို့၌ စင်္ကာပူအပါအဝင် စုစုပေါင်း အာရှပစိဖိတ်မြို့လေးမြို့ ပါဝင်သည်။ အခြားအာရှပစိဖိတ် ၃ မြို့ဖြစ်သော ဟောင်ကောင်၊ ဆိုးလ်နှင့် ဆစ်ဒနီတို့က စတုတ္ထ၊ ဆဋ္ဌမနှင့် ဒဿမအဆင့် အသီးသီးရရှိခဲ့ကြသည်။
၎င်းစစ်တမ်းသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်အထိ ကမ္ဘာ့မြို့ကြီး ၁၃၃ မြို့တွင် ထုတ်ကုန်များနှင့် ဝန်ဆောင်မှု စုစုပေါင်း ၁၅၀ ကျော်၏ ဈေးနှုန်းများကို လေ့လာ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စင်္ကာပူသည် အဆင့် ၁၃ ၌ ဖော်ပြခံရသော၊ စံအမှတ်မြို့ နယူးယောက်
စီးတီးထက် ၁၆ ရာခိုင်နှုန်း ကုန်ကျစရိတ်ပိုမိုများပြားသည်။
ယမန်နှစ်စာရင်းမှ ဟောင်ကောင်၏ ဒုတိယနေရာကို ယခုနှစ်တွင် ပဲရစ်က ရယူခဲ့သည်။ ပဲရစ်သည် ထိုထိပ်တန်း ၁၀ မြို့တွင် တစ်ခုတည်းသော ယူရိုမြို့ဖြစ်သည်။ ပြင်သစ်၏မြို့တော် ပဲရစ်သည် အခြားဥရောပမြို့များထက် အရက်ဘီယာယမကာ၊ ပို့ဆောင်ရေးနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးစရိတ် ပိုမိုသက်သာသော်လည်း ကမ္ဘာ့အဆင့်တွင်မူ နေထိုင်ရန် အလွန်ဈေးကြီး(စရိတ်စကများ) ဆဲဖြစ်သည်။
ဝိုင်တစ်လုံး၏ ပျမ်းမျှဈေးနှုန်းသည် ပဲရစ်တွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉၀ ရှိစဉ် စင်္ကာပူတွင် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၆၈ ဒေါ်လာ ရှိသည်။
မြို့အရွယ်အစားရှိသော နိုင်ငံဖြစ်သည့် စင်္ကာပူသည် အစိုးရ၏ စည်းမျဉ်းတင်းကျပ်မှုများကြောင့် ကားတစ်စီး ဝယ်ယူပိုင်ဆိုင်ရန် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးနေရာလည်း ဖြစ်ဆဲဖြစ်သည်။ စင်္ကာပူတွင် ပုဂ္ဂလိကကားတစ်စီး
သည် ပျမ်းမျှ စင်္ကာပူဒေါ်လာ ၇၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅၃,၀၀၀) တန်ဖိုး ရှိသည်။
စင်္ကာပူတွင် အဆင့်မြင့်အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၂၅ ခုနှစ်မကုန်မီ နှစ်ဆမြင့်တက်နိုင်ခြေရှိကြောင်း အိမ်ခြံမြေကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
စာရင်းတွင် ပါဝင်သော အမေရိကန်မြို့များအနက် နယူးယောက်ခေါ် နယူးယောက်စီးတီးမြို့က ဈေးအကြီးဆုံးဖြစ်ပြီး လော့စ်အိန်ဂျလိစ်က ၎င်းနောက်မှ အဆင့် ၁၄ နှင့် မင်နီယာပိုလစ်က အဆင့် ၂၆ တို့တွင် ဖော်ပြခံခဲ့ရကြောင်း သိရသည်။
(EIU ၏ ၂၀၁၈ခုနှစ် ကမ္ဘာ့နေထိုင်ရန်စရိတ်စကအများဆုံး သို့မဟုတ် ကမ္ဘာ့ဈေးအကြီးဆုံးမြို့ ၁၀ မြို့စာရင်းအား အောက်ပါပုံနှင့်တကွ ဖော်ပြအပ်ပါသည်။)
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com