ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး လုပ်ငန်းခွင်နှင့် မလွတ်ကင်းသည့်နေအိမ်နှင့် အဆောက်အအုံများအားလုံး မတ်လပထမအပတ်တွင် ဖယ်ရှားပြီးဖြစ်၍ မေလတွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း ဒလမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
အဆိုပါ ရန်ကုန်-ဒလ စီမံကိန်းနှင့် မလွတ်ကင်းသည့် အဆောက်အအုံ၊ မြေကွက်နှင့်ဆိုင်ခန်းများကို မြေယာလျော်ကြေး၊ မြေငှားရမ်းခ ပေးချေပြီးစီးပြီဖြစ်၍ ဇန်နဝါရီ လ ၃၁ ရက်တွင် အပြီးဖယ်ရှားပေးရန် အကြောင်းကြားထားသော်လည်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆို ပြီးသည့်အချိန်အထိ စောင့်ဆိုင်းနေသောကြောင့် ယခုလ ပထမအပတ်မှသာ အပြီးသတ်ဖယ်ရှားခဲ့ကြောင်း ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောကြားသည်။
“မြေကွက်နဲ့ဆိုင်ခန်းတွေကို ဂရန်ရှိတဲ့သူတွေရော၊ တရားမဝင်တဲ့သူတွေရော အကုန်လုံး ရှင်းလင်းဖယ်ရှားပြီးပြီ။ ဒလတံတား တည်ဆောက်ရေးအတွက် မေလမှာ စတင်ပန္နက်ရိုက်မယ်။ ပန္နက်ရိုက်ပြီးတာနဲ့ ဒလတံတား တည်ဆောက်ရေးအတွက် စတင်အကောင်အထည်ဖော်မယ်”ဟု ၎င်းက ဆိုသည်။
ဒလတံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ မေလတွင် ခြံစည်းရိုးစတင်ကာရံ၍ တည်ဆောက်ရေးလုပ်ငန်းများကို စတင်သွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန်-ဒလ မြစ်ကူးတံတားကို ၄ လမ်းသွား၊ သံမဏိကြိုးဆိုင်း အမျိုးအစားနှင့် တံတားအရှည်မှာ ၆၁၄၄ ပေ ရှည်လျားမည်ဖြစ်ပြီး အမြင့်ပေ ၄၉ မီတာ တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ဒလတံတားစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းကို တောင်ကိုရီးယားနိုင်ငံမှ ချေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းကို မြန်မာအစိုးရဘက်က စိုက်ထုတ်ကာ တည်ဆောက်မည်ဖြစ်သည်။
ရန်ကုန်-ဒလ တံတား တည်ဆောက်ပြီးစီးပါက ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြည်သူများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်သည်။
Credit: The Voice