စင်္ကာပူနှင့် မလေးရှားကို ဆက်သွယ်ပေးမည့် ရထားလမ်းစီမံကိန်းနှစ်ခုသည် အကောင်အထည်ပေါ်လာရန် ပိုမိုနီးစပ်လာပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နယ်စပ်ဖြတ်ကျော်ရထားလမ်းများဥပဒေကြမ်းကို မတ် ၁၉ ၌ ပြုလုပ်ခဲ့သည့် တတိယအကြိမ်ကြားနာမှုတွင် စင်္ကာပူပါလီမန်က အတည်ပြုလိုက်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။
အဆိုပြုဥပဒေကြမ်းက ၂၀၂၄ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တို့တွင် အသီးသီး လုပ်ငန်း
စတင်လည်ပတ်နိုင်ရန် မျှော်မှန်းထားသော Johor Bahru-Singapore Rapid Transit System (RTS) နှင့် Kuala Lumpur-Singapore High Speed Rail (HSR) တို့နှင့်ပတ်သက်၍ မူဝါဒဘောင်များ ချမှတ်ထူထောင်ရန် ရည်ရွယ်ကြောင်း သိရသည်။
အထူးသဖြင့် ဘေးကင်းလုံခြုံသော နယ်စပ်ဖြတ်ကျော်ရထားလမ်းတစ်ခု ဖန်တီးရန်နှင့် ရထားအခြေခံအဆောက်အအုံထိန်းသိမ်းပြုပြင်ရေးအတွက် စည်းမျဉ်းများ ရေးဆွဲဖော်ဆောင်ရန် ရည်ရွယ်သည်။
ပြီးခဲ့သည့်နိုဝင်ဘာက ၎င်းဥပဒေကြမ်းအား ဒုတိယအကြိမ်ကြားနာမှုအတွင်း ပါလီမန်၏ ရွေးချယ်ရေးကော်မတီတစ်ခုသို့ လွှဲပြောင်းခဲ့သည်။
တတိယအကြိမ်ကြားနာမှုတွင် ယင်းကော်မတီက တင်ပြချက်ငါးစောင်ကို လက်ခံရရှိခဲ့သည်။ ထိုတင်ပြချက်များ၌ ဥပဒေကြမ်းတွင် ပါဝင်သော ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ အရေးပါသော မေးမြန်းချက်များနှင့် တုံ့ပြန်ချက်များပါဝင်ခဲ့သည်။
၎င်းတို့အနက် အထက်ပါကော်မတီက "လုပ်ငန်းဆိုင်ရာသဘောတူစာချုပ်များ ခွင့်ပြုမှုကို ပို့ဆောင်ရေးဝန်ကြီး၏ သဘောတူခွင့်ပြုချက်ဖြင့် ခွင့်ပြုပေးရန်" နှင့်"အစိုးရကြီးကြပ်မှုနှင့် ကုန်သွယ်ရေးအလားအလာကောင်းခြင်းတို့အကြား ဟန်ချက်တစ်ခုကို ရရှိရေးကြိုးပမ်းရန်" ဟူသည့် အပိုဒ်ခွဲတို့အား ပြန်လည်စဉ်းစားသုံးသပ်ပေးရန် တင်ပြခဲ့သည်။
ထိုအပိုဒ်ခွဲများ၏ မူလရည်ရွယ်ချက်မှာ နယ်စပ်ဖြတ်ကျော်ရထားဝန်ဆောင်မှုနှင့် ရထားလမ်းပစ္စည်းများ၏ ကုမ္ပဏီများအား သူတို့၏လုပ်ငန်းလုပ်ပိုင်ခွင့်စာချုပ်
များကို အစိုးရခွင့်ပြုချက်မပါဘဲ အခြားကုမ္ပဏီများသို့ လွှဲပြောင်းခြင်း၊ အငှားချခြင်းတို့ မပြုလုပ်နိုင်စေရန် ဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com