ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝင်ငွေနည်းပြည်သူ များနှင့် ပုဂ္ဂလိ က၀န်ထမ်းများကိုအများဆုံးရောင်းချပေး သွားမည့် တိုက်ခန်းဝယ်ယူခွင့်ဖောင်များကို မတ်လ ၃၀ရက်နေ့အထိတိုးမြင့်သတ်မှတ်ပေးထားကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
ထိုကဲ့သို့တိုးမြှင့်ပေးရခြင်းမှာ လျှောက်ထားသူများအဆင်ပြေစေရန်အတွက် ထပ်မံတိုးမြှင့်ပေးခြင်းဖြစ်ကြောင်း၊လက်ရှိအချိန်တွင်မူ ဖောင်များလက်ခံဆဲကာလဖြစ်ခြင်းကြောင့် လျှောက်ထားသူအရေအတွက်ကိုမသိနိုင်သေးကြောင်း ၊ ယခုလကုန် ဖောင်ပိတ်ပြီးမှသာ လျှောက်ထားသူအရေအတွက်ကို သိနိုင်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါတိုင်းအစိုးရအဖွဲ့မှတန်ဖိုးနည်း၊တန်ဖိုးသင့်တိုက်ခန်းပေါင်း ၈၆၂ ခန်းကိုရောင်းချပေးသွားမည်ဖြစ်ပြီး တိုက်ခန်းဝယ်ယူ ခွင့်ဖောင်များကို ဖေဖော်ဝါရီ ၁၆ရက်နေ့မှမတ်လ၁၆ ရက်နေ့အထိလျှောက်ထားခွင့်ရမည်ဟု ကြေညာခဲ့ပြီး ယခုလက်ရှိတွင် မတ်လ ၃၀ရက်နေ့အထိထပ်မံ ရက်တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။တိုက်ခန်းလျှောက်ထားသူများအနေဖြင့် အသက် ၂၃နှစ်ပြည့်ရမည်ဖြစ်ကာ မိသားစု (အိမ်ထောင်စုပုံစံ ၆၆/၆) တစ်စုတွင် တစ်ဦးသာ လျှောက်ထားခွင့်ရမည်ဖြစ်ပြီး တန်ဖိုးနည်းတိုက်ခန်းလျှောက်ထားသူများအနေဖြင့် မိသားစုဝင်ငွေတစ်လကျပ်၃သိန်းမှ ငါးသိန်းကြားနှင့်တန်ဖိုးသင့်တိုက်ခန်းဝယ်ယူသူများအနေဖြင့် မိသားစုတစ်လ၀င်ငွေ ကျပ်၅သိန်းမှ ကျပ်၁၂သိန်းကြားရှိရမည်ဖြစ်သည်။
ယခုရောင်းချသည့်တန်ဖိုးနည်း၊တန်ဖိုးသင့်တိုက်ခန်းများကို ဝယ်ယူခွင့်ရရှိသူများအနေဖြင့် ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ကနဦး၂၅ရာခိုင်နှုန်းပေး သွင်းရမည်ဖြစ်ပြီး အစိုးရ၀န်ထမ်းဖြစ်ပါက ကနဦး ၁၅ရာခိုင်နှုန်းသွင်းရမည်ဖြစ်ကာ ၁၅နှစ် အရစ်ကျပေးချေရမည်ဖြစ်ကြောင်းနှင့် တိုက်ခန်းဝယ်ယူခွင့် ရရှိသွားသူများအနေဖြင့် ကနဦး ငွေပေးသွင်းပြီးပါက နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရောင်းချမည့်အိမ်ရာစီမံကိန်းများကို ၀ယ်ယူခွင့်လျှောက်ထားသူများအနေဖြင့် အိမ် (သို့) မြေပိုင်ဆိုင်မှုမရှိကြောင်း လက်ရှိနေထိုင်သည့် မြို့နယ်၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထောက်ခံချက်ပါရှိရမည်ဟု အိမ်ရာဝယ်ယူခွင့်လျှောက်လွှာတွင် ဖော်ပြထားသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com